ဒီနေ့ပဲ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲလုပ်ပါတယ်။ လာမယ့် ၅-နှစ်တာအတွက် သမ္မတကို ရွေးချယ်ပေးရမယ်။
Nikkei Asia ဂျာနယ်မှာတော့ သိရမယ့်အချက် ၅ ခုဆိုပဲ ဖော်ပြထားတာ ဖတ်ရတယ်။ အင်ဒိုနီးရှားနိုင်ငံက လူဦးရေအရ စတုတ္ထအများဆုံး နိုင်ငံ၊ မူစလင်အများစု နိုင်ငံတခုဖြစ်ပေမယ့် ၁၉၉၈ ခုနှစ် အပြောင်းအလဲတွေ စတင်ပြီးကတည်းက ဒီမို ကရေစီစနစ် ခိုင်မြဲလာနေတဲ့ နိုင်ငံတခုလည်း ဖြစ်တယ်။
အခု ရွေးကောက်ပွဲမှာ ၂၀၄.၈ သန်းက သမ္မတကို တိုက်ရိုက် မဲပေးကြမှာ ဖြစ်ပြီး၊ သမ္မတစနစ်အတွက် တိုက်ရိုက်မဲပေး ရွေးကောက်ပွဲမှာ အကြီးကျယ်ဆုံးလို့ ဆိုနိုင်တယ်။ လက်ရှိ သမ္မတ ဂျိုကို ဝီဒိုဒိုကတော့ သမ္မတသက်တန်း ၂ ဆက် ပြည့်သွားပြီဖြစ်လို့ လူထုထောက်ခံလည်း ဆက်ပြီး ရွေးချယ်ခံပိုင်ခွင့် မရှိတော့ ဘူး။
သမ္မတပြိုင်ဘက်တွေက ဘယ်သူတွေလဲ။
ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto)၊ အသက် ၇၂ နှစ်။
သူက ရှေ့ပြေးနေတယ်။ အင်ဒို အထူးတပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ဖြစ်ဖူးတယ်။ အရင် အာဏာရှင်ဟောင်း ဆူဟာတိုရဲ့ သမက်တော်သူ လည်း ဖြစ်တယ်။ သူက လူထုစစ်တမ်းတွေအရ ရှေ့ပြေးနေတယ်။ သတင်း ဖော်ပြချက်တွေအရ ပွေ့ဖက်စရာကောင်းတဲ့ ဖိုးဖိုး၊ အရင် အာဏာရှိသူဆိုတဲ့ အရိပ်အယောင်တွေ ခွာချထားတဲ့သူလို့ ဖော်ပြတယ်။
ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ၂-ခါတိုင်တိုင် ဂျိုကိုဝီကို ရှုံးခဲ့တယ်။ အခုပွဲမှာတော့ သမ္မတဂျိုကိုဝီဒိုဒိုရဲ့ သားကို သူနဲ့အတူ ဒုသမ္မတ ပြိုင်ဖက် ထည့်ပေးလိုက်တော့ သူ့ဖက် ကို လူထုမဲတွေ ပုံသွားဖို့ များတယ်။ သူက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေက ဆိုကြတယ်။ အထူးသဖြင့် ၂၄-နှစ်တာ အရှေ့တီမောကို သိမ်းပိုက်ထားစဉ်ကာလတွေမှာ သူ့တာဝန်မကင်းတာတွေ ရှိတယ်လို့ ဖော်ပြကြ တယ်။ မေးခွန်းထုတ် နေသေးတဲ့ သားပျောက်မိခင်တွေ ရှိတယ်။
ဒုတိယလူကတော့ ဂန်ဂျာ ပရာနိုဝို (Ganjar Pranowo)၊ အသက်-၅၅။ ဝါရင့်နိုင်ငံရေးသမား နဲ့ ဗဟိုဂျားဗားကျွန်းရဲ့ အုပ်ချုပ် ရေးမှူး၊ လက်ရှိအာဏာရပါတီ အင်ဒို နီးရှား လှုပ်ရှားမှုအတွက် ဒီမိုကရက်တစ်ပါတီ Indonesian Democratic Party of Struggle (PDI-P) ကနေ ရွေးချယ် ကိုယ်စားပြုတယ်။ အကယ်၍ သူ့ကို ရွေးချယ်ခံရရင် မူဝါဒအများစုက လက်ရှိ ဂျိုကိုဝီနဲ့ အတူတူနီးပါး ဖြစ်မယ် ယူဆကြတယ်။
တတိယပြိုင်ဖက်ကတော့ အန်နီစ် ဘာ့စ်ဝီဒင် (Anies Baswedan) အသက်- ၅၄။ ဂျာကာတာမြို့တော် အုပ်ချုပ်ရေးမှူးနဲ့ နိုင်ငံရေးသိပ္ပံ တက္ကသိုလ် ပါမောက္ခဟောင်း။ အရင်က ဂျိုကိုဝီအစိုးရမှာ ပညာရေးဝန်ကြီး လုပ်ဖူးတယ်။ နောက်ပိုင်း ဝန်ကြီး အပြောင်းအလဲလုပ်တော့ သူမပါတော့ဘူး။ ထွက်ပြီးတဲ့နောက် အတိုက်အခံပါတီနဲ့ ပူးပေါင်းတယ်။ သူ့ကို ရွေးခဲ့ရင်တော့ မူဝါဒ က ဂျိုကိုဝီနဲ့ ကွဲပြားမယ်။
အင်ဒိုနီးရှား ရွေးကောက်ပွဲက ဘယ်လိုအရေးကြီးသလဲ။
အရှေ့တောင်အာရှက စီးပွားရေးအင်အားကြီးနိုင်ငံတခု။ ကမ္ဘာ့အကြီးဆုံး နီကယ်သိုက်ကြီးလည်း ရှိနေတယ်။ အခု လျှပ်စစ် ယာဉ် EV တွေထုတ်တော့ အရေးပါတဲ့ သတ္တု။ ဂျိုကိုဝီလက်ထက်မှာ နီကယ်ကို အရိုင်းအနေနဲ့ ပြည်ပကို မတင်ပို့ဘဲ ပြည်တွင်း မှာ သန့်စင်ကုန်ချောလုပ်ဖို့ စဉ်းစားထားတယ်။ သမ္မတ ဂျိုကိုဝီလက်ထက်မှာ နိုင်ငံမြို့တော်ကို နေရာပြောင်းဖို့ အာရုံထား လုပ် နေခဲ့တယ်။ သူ့မူဝါဒ ဆက်ခံသူတွေက ဆက်အကောင်အထည်ဖော်မယ်လို့ ယူဆရတယ်။ အင်ဒိုနီးရှားနိုင်ငံ တည်ထောင်တဲ့ နှစ်တရာပြည့် ၂၀၄၅ ခုနှစ်ရောက်ရင် အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးက ကမ္ဘာ့ထိပ်သီး ၅-နိုင်ငံထဲ ပါလာမယ်လို့ ယူဆရတယ်။ [စဉ်းစားမိတာက ၂၀၄၈- မြန်မာနိုင်ငံ လွတ်လပ်ရေးနှစ် ၁၀၀ ပြည့်ရင် ဘယ်နေရာကို ရောက်နေမှာလဲ။]
မဲပေးသူတွေက သမ္မတတွေဆီက ဘာကို မျှော်လင့်ထားကြသလဲ။
လူထု စစ်တမ်းတွေအရ အခြေခံစားကုန်တွေကို ကုန်ဈေးနှုန်းထိန်းသိမ်းပေးဖို့ (၃၁%)၊
အလုပ်အကိုင် ဖန်တီးပေးဖို့ (၁၉%)၊
ဆင်းရဲမွဲတေမှု လျှော့ချပေးဖို့ (၁၂%)၊
အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ (၁၀%) နဲ့
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေဖို့ (၄%) ခန့်မှန်း တို့က မျှော်လင့်ထားကြတယ်။
သမ္မတရွေးကောက်ပွဲ အဆင့်တွေ
ခု ရွေးကောက်ပွဲတကြိမ်ထဲနဲ့ ပြတ်ပြတ်သားသား နိုင်သူ ပေါ်ထွက်ရင် ပြဿနာမရှိဘူး။
အကယ်၍ မဲမပြတ်ခဲ့ရင်တော့ ဒုတိယ အကြိမ် ရွေးကောက်ပွဲကို ထိပ်ဆုံးရတဲ့ ၂ ဦးနဲ့ ဇွန် ၂၆ မှာ ထပ်ကျင်းပရပါမယ်။ သမ္မတအသစ်ကတော့ အောက်တိုဘာလမှ ရုံး စတင်ထိုင်နိုင်ပါမယ်။
BBC သတင်းဌာန၊ အရှေ့တောင်အာရှသတင်းထောက် Jonathan Head ရဲ့ ဆောင်းပါးကတော့ ပိုလို့ ရသပါတယ်။ ဖတ်ရတာ စိတ်ဝင်စားမိတယ်။ (Indonesia election: An ‘impossible’ country tests its hard-won democracy) “အင်ဒိုနီးရှား ရွေး ကောက်ပွဲ- ခက်ခက်ခဲခဲ အနိုင်ရထားတဲ့ ဒီမိုကရေစီအတွက် စစ်ဆေးမှု – မဖြစ်နိုင်သော နိုင်ငံတော်” ဆိုတဲ့ ဆောင်းပါးပါ။
အင်ဒိုနီးရှားနဲ့ ပတ်သက်ရင် ကိုယ်တိုင်က စိတ်ဝင်စားဖွယ် အကြောင်းတွေ ရှိတယ်။
အထူးသဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ကို သက္ကရာဇ် ၂၀၀၀ လောက်မှာ ရဲရဲဝံ့ဝံ့ လုပ်ခဲ့ကြတာ လေးစားဖွယ်။ တကယ့်ကို ခြေလှမ်းကြီးပါပဲ။ နောက်တခါ အရင်ရွေး ကောက်ပွဲတွေမှာ DVB အနေနဲ့ သတင်းသွားယူ လေ့လာဖူးတဲ့ မိတ်ဆွေတဦး ပြန်ပြောပြတာကိုလည်း သတိရမိတယ်။ ရွေးကောက်ပွဲတွေမှာ စစ်တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်တွေက မဲမပေးရဘူး။ အဲဒီတော့ သူက မေးတယ်။ “အဲသလို မဲမပေးရတော့ ခင်ဗျားတို့ မကျေမနပ် မဖြစ်ဘူးလားပေါ့”။ ကျနော်တို့ စစ်တပ်က ဗိုလ်ကျနေခဲ့တာ ကြာပါပြီ။ အခု လူထုတွေကို အလှည့်ပေး ရတာ ပြဿနာ မရှိပါဘူးတဲ့။
နောက်တခါ အင်ဒိုနီးရှား လေ့လာရေးခရီးသွားခဲ့ဘူးတဲ့ မြန်မာအစိုးရ အရာရှိတဦး ပြောပြတာ ကိုလည်း မှတ်မိနေသေးတယ်။ အင်ဒိုနီးရှားမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြမှာဆိုတော့ အင်ဒိုနီးရှားတပ်မတော်က အရာရှိကြီးတွေ ညီလာခံလုပ် တိုင်ပင်ကြတယ်။ သူတို့ဆီမှာ ပညာရှင်ကလည်း အလုံအလောက်ရှိတယ်။ အဲဒီတော့ သူတို့ သုံးသပ်ချက် လာမယ့် နှစ် ၃၀ အတွင်း အင်ဒိုနီးရှား တပ်မတော်က “ပြည်ပစစ်” တိုက်ရဖို့ အကြောင်းမရှိနိုင်ဘူး။ ဒီတော့ အဲဒီ ဗျူဟာနဲ့ အညီ သူတို့ တပ်မတော်ကို ပြန်စုဖွဲ့ခဲ့ကြတယ် ဆိုပဲ။ တကယ့်ကို ခြေလှမ်းကြီးပါပဲ။
ဂျွန်နသန် ဟက်ရဲ့ ဆောင်းပါးမှာတော့ “ကျနော်တို့နိုင်ငံ ပြိုကွဲသွားမှာကို အမြဲပူပန်နေခဲ့ကြတယ်” လို့ ပညာရှင်တဦး ဖြစ်တဲ့ Dewi Fortuna Anwar ပြောတာလေးကို ထင်းကနဲ မြင်ရတယ်။ သူက သမ္မတ ၁ ဦး နဲ့ ဒုသမ္မတ ၂-ဦးကို အကြံပေး လုပ်ခဲ့သူ။ အင်ဒိုနီးရှားနိုင်ငံက လူမှုရေး၊ လူအုပ်စု အကြမ်းဖက်မှုတွေလည်း ကြုံခဲ့ရတယ်။ အချို့ လူအုပ်စု အကြမ်းဖက်မှုတွေက ကြောက်မက်ဖွယ်၊ ရက်စက်ခဲ့ကြတယ်။ မူစလင်- ခရစ်ယာန် အကွဲအပြဲတွေလည်း ရှိတယ်။
ကျွန်းပေါင်း ၁၇,၀၀၀ ကျော် နဲ့ ဘာသာစကား ၇၀၀ ကျော် ပြောဆိုနေတဲ့ နိုင်ငံ။ ကျွန်းတွေကို ဖြန့်ကျက်လိုက်ရင် အမေရိကန် ပြည်ထောင်စုလောက် ကျယ် ဝန်းတယ်။ “မဖြစ်နိုင်သော နိုင်ငံတော်” ဆိုတာ ဒါကို ဆိုလိုချင်တာ။ အရှေ့တီမောကို လွတ်လပ်ရေး ပေးခဲ့တယ်။ အာချေး ဒေသမှာလည်း သူတို့ လွတ်မြောက်ရေး လှုပ်ရှားမှုတွေ ရှိနေခဲ့တယ်။
“ညီညွတ်မှုဆိုတာ ကျနော်တို့အတွက် အမြဲတစေ ဆုလဒ်ပါပဲ” (You know being united is always a premium for us) Dewi Fortuna Anwar က ပြောတယ်။ “ကျမတို့တဲကို အားလုံးဆန့်အောင် ကြီးကြီးဆောက်ရမယ်။ သက်တန့်ရောင် ညွန့် ပေါင်း အစိုးရမျိုး လုပ်ရမယ်၊ ဒါမျိုးကို ဂျိုကိုဝီက အမြဲတစေ လုပ်ခဲ့ပါတယ်။” သူက ဖြည့်ပြောတယ်။
ဒီ ရွေးကောက်ပွဲမှာ အရင်ရန်သူတွေလည်း ပြန်ပေါင်းစည်းမိတယ်။ သမ္မတ ဂျိုကိုဝီက တချိန်တုန်းက သူ့ပြိုင်ဖက် ဗိုလ်ချုပ် ဆီကို သူ့သားကို ဒုသမ္မတ တွဲဘက်အဖြစ် ပြိုင်ဖို့ ထည့်ပေးလိုက်တယ်။
အဲဒါအပြင် တချိန်တုန်းက တက်ကြွလှုပ်ရှားသူ ဘူဒီမန် ဆူဂျတ်မီကို (Budiman Sujatmiko) အကြောင်းကိုလည်း ဆောင်းပါးမှာ ဖတ်ရတယ်။ သူက အရင် ဆူဟာတို အစိုးရ ကို ဆန့်ကျင်ခဲ့လို့ ထောင်ဒဏ် ၁၃ နှစ် ကျခံခဲ့ရသူ။ အခုတော့ သူနဲ့ အချို့သော အတိုက်အခံတွေက ပရာဘိုဝိုအတွက် ပြန်လုပ် ပေးနေကြတယ်။
ဘူဒီမန်က အခု သမ္မတလောင်း ပရာဘိုဝိုရဲ့ ပြောရေးဆိုခွင့် ရှိသူ။ “ကျနော်က စိတ်ကူးယဉ်သမား မဟုတ် ပါဘူး။ လက်တွေ့ကျကျ လုပ်တတ်တဲ့သူ။ ဒါပေမယ့် ကျင့်ဝတ်နဲ့ ညီပါတယ်” ဘူဒီမန်က ပြောတယ်။ “ကျနော် တိုက်ပွဲဝင် တာကို လွတ်မြောက်ရေးနဲ့ တရားမျှတမှုအတွက်တင် မကန့်သတ်ထားသင့်ဘူး။ ကျနော်က အင်ဒိုနီးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက် လာရေးကိုလည်း ယုံကြည်ထားတယ်” တဲ့။
ဒီလို ဆောင်းပါးတွေဖတ်ရရင် လွမ်းမိသွားတတ်တယ်။
■ အောင်သူငြိမ်း