အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်တည်း ကျင်းပမည့် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲကို ယနေ့ မနက်ပိုင်းက စတင်ကျင်းပနေပြီဖြစ်သည်။
ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ လူပေါင်း ၂၀၅ သန်းကျော် ပါဝင်လာမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း တစ်ရက်တည်း ကျင်းပသော ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲဖြစ်သည်။
ကျွန်းပေါင်း ၁၈,၀၀၀ ကျော်က အင်ဒိုနီးရှားပြည်သူ သန်း ၂၀၀ ကျော်သည် မတူညီသည့် အချိန်ဇုန် အပိုင်းအခြား ၃ ခုတွင် မဲပေးကြမည်ဖြစ်သည်။
ယခုရွေးကောက်ပွဲတွင် သမ္မတ၊ ဒုသမ္မတနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ကြမည်ဖြစ်သည်။
အင်ဒိုနီးရှားလူငယ်များက တိုင်းပြည်အနာဂတ်ကို ရွေးချယ်ကြမည်ဖြစ်ပြီး မဲပေးခွင့်ရှိသူများတွင် အသက် ၄၀ အောက်လူငယ်များက တစ်ဝက်ပါဝင်နေကြောင်း ရွေးကောက်ပွဲကော်မရှင် စာရင်းအရ သိရသည်။








ရွေးကောက်ပွဲတွင် အသက် ၇၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က လူကြိုက်အများဆုံးဖြစ်နေသည်။
ထို့ကြောင့် အင်ဒိုနီးရှားသည် အာဏာရှင်စနစ်ထံ နောက်ပြန်သွားမည်ကိုလည်း စိုးရိမ်နေကြသည်။
နောက်ထပ်သမ္မတလောင်းတစ်ဦးဖြစ်သော အာဏာရ အင်ဒိုနီးရှားဒီမိုကရက်တစ်ပါတီက ဂန်ဂျာပရာနိုဝို (Ganjar Pranowo) ကလည်း ပါဝင်ယှဉ်ပြိုင်နေသည်။
နောက်ဆုံးသမ္မတလောင်းတစ်ဦးက ဂျာကာတာအုပ်ချုပ်ရေးမှူးဟောင်း အနစ်ဘက်စ်ဝဲဒမ် (Anies Baswedan) ကလည်း အလွတ်တန်းပါဝင်ယှဉ်ပြိုင်နေသည်။
သက်တမ်းကုန်ဆုံးတော့မည့် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို၏ သားဖြစ်သူ ဂျီဘရန် ရာကာဘူမင်း ရာကာ ကလည်း ရွေးကောက်ပွဲတွင် ပါဝင်နေသည်။
ကနဦးရွေးကောက်ပွဲရလဒ်များသည် တရားဝင်မကြေညာသေးခင် လတ်တလော ထွက်ပေါ် လာနိုင်ခြေလည်း ရှိနေသည်။
Ref: CNN, AP, AFP, Aljazeera