ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၈၅ နိုင်ငံမှာ နိုင်ငံသားတွေ မဖြစ်မနေ စစ်မှုထမ်းရတဲ့ ဥပဒေကိုကျင့်သုံးနေပါတယ်။ အမေရိကားကတော့ ဗီယက်နမ်စစ်အပြီးကာလ ကန့်ကွက်မှုတွေကြောင့် စစ်မှုထမ်းဖို့ ကို ရပ်ပစ်တော့မယ်လို့ စက်တင်ဘာ ၂၈ ၁၉၇၁ ခုနှစ်မှာ ကြေညာခဲ့ပြီးနောက်နှစ်နှစ်ကြာမှာ စစ်မှုမထမ်းမနေရစနစ်ကိုရပ်စဲလိုက်တယ်။
အဲဒီကာလက ဒီဥပဒေကို ဖျက်မဖျက်နဲ့ ပတ်သက်လို့ အငြင်းပွားကြရတာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမှာ ပါတဲ့ လစ်ဘရယ်အရေး လွတ်လပ်မှု သဘောတရားတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသလို ဆင်းရဲ ချမ်းသာကွဲပြားနေတဲ့ လူတန်းစားတွေထဲမှာ ဆင်းရဲသားတွေက သာ ပိုပြီး ကြမ်းတမ်းတဲ့ စစ်ဘက်တာဝန်တွေကို ယူရလေ့ရှိတယ်လို့ ဝန်ခံခဲ့ကြပါတယ်။
ချမ်းသာတဲ့ မိသားစုက သားသမီးတွေက လာဘ်ထိုးလို့ အကြီးအကျယ်ရလေ့ရှိတာ၊ သက်သာတဲ့ တာဝန်တွေပဲ ထမ်းဆောင်ရတာ၊ လူမျိုးဘာသာ အသားအရောင် အပေါ်လိုက်ပြီး ခွဲခြားမှုတွေ တပ်ထဲမှာ ရှိတတ်တာ ဒါတွေကို ဒီစစ်မှုထမ်းဥပဒေက ပိုပြီးပြင်းထန်စေပါတယ်။
“အခုလို ပြည်တွင်းစစ်ကာလမှာ စစ်မှုထမ်းဥပဒေဟာ ပေါ်တာဆွဲတာထက်နောက်တစ်ဆင့် ပိုဆိုးသွားတဲ့ ကျွန်ပြုခိုင်းစေမှုသာဖြစ်တယ်”လို့ စစ်မှုထမ်းခြင်းကို လေ့လာသူစကောလာတစ်ဦးက ဆိုပါတယ်။ အကြမ်းအားဖြင့်တော့ ဒီလိုဥပဒေဟာ စစ်အာဏာရှင်လက်အောက်က လွတ်ချင်တဲ့ မြန်မာပြည်သူတွေအတွက် အကောင်းမရှိဘဲ အဆိုးသာဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံလို တော်လှန်ရေးကာလ မဆိုထားနဲ့ တည်ငြိမ်နေတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတောင် ဒီဥပဒေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ဖို့ လမ်းဖွင့်ပေးထားတဲ့ ဥပဒေမျိုးဖြစ်တယ်လို့ လေ့လာသူတွေက အောက်ပါအချက်တွေကိုထောက်လို့ ဆိုကြပါတယ်။
၁။ အခြေခံ လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း
လူတွေဟာ စစ်တပ်ထဲကို ဝင်ဖို့ မဝင်ဖို့ ကိုယ့်သဘောနဲ့ ကိုယ်ရွေးချယ်ခွင့်မရှိတော့တဲ့ အနေအထားဖြစ်သွားစေပါတယ်။ ဒီလို စစ်တိုက်ဖို့ စိတ်မပါတဲ့ လူတွေတပ်ထဲရောက်လာလို့လည်း စစ်ရေးစွမ်းရည် ဘာမှ မထက်မြက်လာနိုင်ဘူး။ ပိုမထူးလာနိုင်ဘူးလို့ သုံးသပ်ကြတာတွေရှိပါတယ်။
၂။ အခြားပညာသင်ခွင့်ဆုံးရှုံးသွားခြင်း
အခြားသော ပညာတွေကို သင်ကြားဖို့ နှောင့်နှေးတာ မုချဖြစ်မှာပါ။ စစ်မှုထမ်းဆောင်ပြီးလို့ အသက်ရှင်နေတယ်ဆိုရင်တောင် အခြား တိုးတက်ရာ တိုးတက်ကြောင်း ပညာတွေသင်ဖို့ ပျက်ကွက်ခဲ့ရတာတွေ ဖြစ်သွားပါပြီ။ နောက်ပြီး လူတစ်ယောက်ဟာ မိမိကျွမ်းကျင်ရာကို ပိုပြီးထက်မြက်အောင်လုပ်ပြီးစွမ်းဆောင်နိုင်ခွင့်ဆုံးရှုံးသွားပြီး Comparative advantage သဘောနဲ့ တစ်ယောက်ချင်းစွမ်းရည် နေရာမှန် လူမှန်မသုံးနိုင်လို့ စီးပွားရေးနဲ့ လူသားအရင်းအမြစ်အရ တစ်နိုင်ငံလုံး ထိခိုက်မှု အများကြီးဖြစ်လာနိုင်ပါတယ်။
၃။ အသက်အန္တရာယ်၊ အခြားအန္တရာယ်တွေကြားထဲ လူငယ်ထုကို တွန်းပို့လိုက်ခြင်း
တိုက်ပွဲထဲမှသာ အသက်အန္တရာယ်ရှိတယ်လို့ ထင်ရင်မှားပါတယ်။ စခန်းသွင်းခံရပြီဆိုတာနဲ့ လေ့ကျင့်တဲ့နေရာမှာတင် နှိပ်စက်ညှင်းပန်းခံရတာ၊ အသက်အန္တရာယ်ရှိနိုင်တာတွေ ဖြစ်နိုင်ခြေရှိလာပါပြီ။
၄။ ဘယ်နိုင်ငံမှာမဆို စစ်တပ်ရဲ့ အရည်အသွေးဟာ မဖြစ်မနေ စစ်မှုထမ်းဥပဒေကြောင့် ပိုထက်မြက်လာမှုမရှိခြင်း
စင်္ကာပူလို၊ တောင်ကိုရီးယားလို၊ ထိုင်းလို နိုင်ငံမျိုးတွေမှာ စစ်မှုထမ်းဥပဒေရှိနေတာကြောင့် တိုင်းပြည်အတွင်းက လူငယ်တွေကြားမှာ နိုင်ငံကို ညီညီညွတ်ညွတ် ကာကွယ်လိုစိတ်တွေ တိုးလာမယ်လို့ မျှော်လင့်ထားကြပေမယ့် မြန်မာနိုင်ငံလို စစ်တပ်နဲ့ ပြည်သူစိတ်ဝမ်းကွဲနေတဲ့ နိုင်ငံမှာတော့ ညီညွတ်မှုကို ဖြစ်စေမှာမဟုတ်ပါဘူး။ ပင်ကိုက ညီညွတ်ကြတဲ့ အခြားနိုင်ငံတွေမှာတောင် စစ်မှုထမ်းဥပဒေကြောင့် ပိုပြီး စွမ်းရည်ထက်မြက်လာခြင်းရှိမရှိဆိုတာ သံသယဖြစ်စရာကောင်းတယ်လို့ ငြင်းခုံနေကြတာပါ။ စစ်မှုထမ်းဦးရေ မြင့်မားလာတာနဲ့ စစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည် ထက်မြက်လာတာက အလိုအလျောက်မဖြစ်လာတတ်ဘူးလို့ သုတေသနတွေက ဆိုပါတယ်။
၅။ စစ်တပ်ဟာ လူတိုင်းနဲ့ မသင့်တော်ခြင်း
လူတိုင်းဟာ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှု၊စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်မှုတွေမှာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ စစ်တိုက်ရတဲ့ အလုပ်အတွက် လိုအပ်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဟာ လူတိုင်းမှာ မရှိပါဘူး။
ထိုင်းရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် LGBTQs ထဲက တပ်ထဲမဝင်ချင်သူတွေ ဝင်ရတဲ့အခါ စစ်တပ်ထဲမှာ မတော်မလျော်ဆက်ဆံကြတဲ့ ဒုက္ခကို အများအားဖြင့် လျစ်လျူရှုကြလေ့ရှိတာကြောင့် နောင်မှာ ကာလကြာရှည်စိတ်ဒဏ်ရာကုစားရတာတွေ အများကြီးရှိပါတယ်။ စင်ကာပူမှာလည်း လူငယ်တွေကို မဖြစ်မနေ ဝင်ခိုင်းတာကြောင့် ကာလကြာရှည်အားဖြင့် ဆေးလိပ်၊ အရက်စွဲတာတွေကျန်ရစ်ခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရတတ်ကြတယ်လို့ ဆိုပါတယ်။
(Connect Burma ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။)