Princes in The Darkness 1990s
အခန်း(၁၅)
ဗေဒါက ကားကူရှင်ကိုမှီကာ ဘောင်းဘီခါးပတ်ကို သေသေချာချာပြန်ပတ်လိုက်၏။
“အကို…ဂျာနူးကို ချစ်တယ်လို့ တခါမှ မပြောရသေးဘူးနော်”
ဂျာနူး စကားကြောင့် ဗေဒါ ဘာ ပြန်ပြောရမည်မသိ။
“ကျွန်တော်..ဂျာနူးကို”
“ရတယ်…ဆက်မပြောနဲ့တော့..အကို….ဂျာနူးကို.ချိတ်လေးသာ တစ်ချက်တပ်ပေးပါ…အလယ်ချိတ်နော်”
ကိုယ်ဖြုတ်သောချိတ် ကိုယ်ပြန်တပ်ပေးရမည်။ ဒါက အမှန်တရား။
“အကို့ကို ဂျာနူး ပြောစရာကျန်သေးတယ်”
ဗေဒါက ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သော်လည်း ဂျာနူးက အနောက်ခန်းမှာပင်။
“ရှေ့ကို လာလေ.ဂျာနူး”
“ရတယ်..အကို..ဂျာနူး နောက်ခန်းကပဲ စီးလိုက်ပါတော့မယ်”
“အကို့ ကို ပြောစရာရှိတယ်ဆိုတာက..ဘာလဲ..ဂျာနူး”
“အကိုနဲ့ ဂျာနူး တွေ့တာဟာ..ဒီတကြိမ်က နောက်ဆုံးပဲ.ဖြစ်သွားနိုင်တယ်.အကို..နောက်ဘယ်တော့ကြာမှ ပြန်တွေ့ရမယ်..မသိနိုင်ဘူး”
“ဟင်..ဘာဖြစ်လို့လဲ”
ဗေဒါက နောက်ကြည့်မှန်မှတဆင့် ဂျာနူးကို ကြည့်လိုက်သည်။ ဂျာနူးက တည်တည်ငြိမ်ငြိမ်ပင်။
“လောမိသားစု ရဲ့ ရေရှည်စီမံကိန်းတွေအကြောင်း အကို အရင်သိထားရအောင် ပြောပြမယ်… အပါကြီးဟာ ဘိန်းဘုရင်ကြီး၊ လက်နက်ကိုင်ခေါင်းဆောင်ကြီးဆိုပြီး လူတွေက ပြောကြပေမယ့်…သူ့မှာ အင်မတန် ပါးနပ်တဲ့ အတွေးအခေါ်နဲ့ ဒဿနတွေရှိတယ်..ဒါကြောင့်လည်း သေနတ်တွေ၊သွေးတွေ၊ ဘိန်းတွေ နဲ့ တောကြိုအုံကြားမှာ စစ်တိုက်နေရတဲ့ဘဝကနေ..ဒီနေ့လိုမျိုး အရှေ့တောင်အာရှအချမ်းသာဆုံးစာရင်းထဲ သူရောက်ခဲ့တာပဲ.. သူ့ပြိုင်ဘက်တွေ ထက် သူက ဘာလို့ကြောတတ်သွားတာလဲဆိုတာကို သူက အမြဲသုံးသပ်တတ်တယ်”
ဂျာနူး စကားက စိတ်ဝင်စားစရာကောင်းသည်။ သူမသိသေးသည့် လောမိသားစုဖခင်ကြီး၏ တဖက်ခြမ်းကို ဂျာနူးက ကောင်းကောင်းသိနေသည့်သဘော။
“အပါးကြီး က လောမိသားစုရဲ့ အနာဂတ်ကို ဒီလိုချမှတ်ထားတယ်..အကို..သူ့ရဲ့ ပထမမျိုးဆက်မှာ မူးယစ်ဆေးတွေ၊ လက်နက်တွေ၊ သွေးတွေ နဲ့ တည်ဆောက်ခဲ့တယ်…အခု ဒုတိယမျိုးဆက်ကိုတော့… စီးပွားရေးနဲ့တည်ဆောက်နေတယ်..ငွေကြေးတွေ ရင်းနှီးမြုပ်နှံမှုတွေကို တရားနဲ့နည်းရော..မတရားတဲ့နည်းပါ သူသုံးပြီးတည်ဆောက်တယ်…သူ့ရဲ့ တတိယမျိုးဆက်ကျရင်တော့…ပညာနဲ့ တည်ဆောက်ရမယ်တဲ့..အဲ့ဒီအခါကျ သူတို့ပထမမျိုးဆက်နဲ့ ဒုတိယ မှာ စွန်းထင်းခဲ့သမျှ အားလုံး နောက်မျိုးဆက်အဆင့်ဆင့် မပါလာစေရတော့ဘူး.. ပညာနဲ့ တည်ဆောက်တဲ့ မျိုးဆက်တစ်ဆက်ဟာ အခိုင်မာဆုံးပဲ..ဘယ်သူမှ တိုက်ခိုက်လို့မရတော့ဘူး… ဘယ်တော့မှ လည်း မကျဆုံးဘူးတဲ့”
အဘိုးကြီး၏ ပလန်ကို ဗေဒါ တွေးပြီး နည်းနည်းတော့ ဖြုန်သွားရသည်။
ဂျာနူးကလည်း ဗေဒါ၏ ကျောပြင်ကို ငေးလျက် ဆက်ပြော၏။
“ဟိုနေ့က ရွှေတောင်ကြားအိမ်မှာ အကိုမြင်ခဲ့တဲ့ ဂျာနူးဘေးက ကောင်မလေးက အပါးကြီးမြေးလေ”
“အင်း..သူ့ကိုသိပါတယ်”
“အခု သူက စင်ကာပူမှာ စီးပွားရေးပညာဘွဲ့လွန်ပြီးလာပြီ…ဒီမှာ ရှိတဲ့ ဂျာနူး ကိုင်ခဲ့သမျှ စာရင်းဇယားတွေ ၊ ငွေဝင်ငွေထွက်တွေ အားလုံး သူပဲ ကိုင်တွယ်တော့မယ်”
“ဒါဆို..ဂျာနူးကရော”
“အပါးကြီးရဲ့ မြေးတွေအားလုံးကို စင်ကာပူ၊ ထိုင်ဝမ်၊ ဩစတြေးလျ၊ ဉရောပ နိုင်ငံတွေမှာ ပညာရေးအတွက် သွားထားတော့မယ်..အဲ့ဒီအခါ သူတို့ ပညာရေးကိစ္စတွေ၊ နိုင်ငံရပ်ခြားက ရုံးခွဲကိစ္စတွေအတွက် ဂျာနူးက စင်္ကာပူမှာ အပြီးသွားနေရတော့မယ်..အကို”
ဗေဒါက ရုတ်တရတ် ကားလီဗာကို တင်နင်းချလိုက်သဖြင့် ကားက ဆောင့်ထွက်သွား၏။
“ဖြည်းဖြည်းမောင်းပါ..အကိုရယ်”
“ဂျာနူး….တကယ်သွားတော့မှာလား…တကယ်ကြီး..အပြီးသွားတော့မှာလား”
“အကို ပဲ ဂျာနူးကို နာမည်ပေးခဲ့ဖူးတယ်မဟုတ်လား….စက်ရုပ်မ ဆိုတာ”
“ဟာ”
ဗေဒါက ကားကို ထိုးရပ်လိုက်သည်။
“ဒါနဲ့များ….ဘာလို့..ဒီည……ဟာ..ကွာ”
ဗေဒါက ကားစီယာရင်ကို လက်ဖဝါးဖြင့် အကြိမ်ကြိမ်ရိုက်လိုက်၏။
“ဂျာနူးကို စိတ်မဆိုးပါနဲ့..အကို..ဂျာနူး က သူတို့လက်ထဲက စက်ရုပ်ဆိုပေမယ့်…အကိုနဲ့တွေ့တဲ့အခါတိုင်း..ဂျာနူးက လူသားဖြစ်ခွင့်လေးတော့ ရနေတာပဲ..မဟုတ်လား…အကို ရှိနေရင် ဂျာနူး လုံခြုံတယ်….အဲ့ဒါကြောင့်”
ဗေဒါက မျက်လုံးကို စုံမှိတ်ပြီး…ကားစီယာရင်ပေါ် ခေါင်းကို တင်ထားလိုက်သည်။
စိတ်လှုပ်ရှားမှုကြောင့် အသက်ရှုသံများ ပြင်းထန်နေ၏။
“အကို..ဂျာနူး တောင်းပန်ပါတယ်”
ဂျာနူးက ဗေဒါ၏ ပုခုံးကို လက်ဖြင့် ကိုင်လိုက်သည်။
ဗေဒါက ဂျာနူး၏ လက်ကို ဆုပ်ကိုင်ကာ နောက်သို့ လှည့်လိုက်၏။
“ဂျာနူး…အကိုတို့ နှစ်ယောက်..ထွက်ပြေးကြရအောင်…သူတို့နဲ့အဝေးဆုံးကို ထွက်ပြေးပြီး.. ဘဝသစ်တစ်ခု ထူထောင်ကြမယ်…အကို့မှာ စုထားဆောင်းထားတာတွေလည်းရှိနေပါပြီ…အကိုတို့ လက်ထပ်ကြမယ်.. ရိုးရိုးသားသား လုပ်ကိုင်စားကြမယ်လေ”
ဂျာနူးက ဗေဒါ၏ လက်ကို သူမ၏ နောက်လက်တစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။
“မဖြစ်နိုင်ပါဘူး..အကို”
“ဂျာနူး…သူတို့ကို ကြောက်နေတာလား…ဘာဖြစ်ဖြစ် အကို ဂျာနူးရှေ့က ရှိနေမှာပါ”
“ဂျာနူး..မကြောက်ပါဘူး…ဒါပေမယ့်..မဖြစ်နိုင်ဘူး..အကို”
“ဟာ…ဒါဆို..ဘာလဲ…ဘာလဲကွာ…ဘာစောက်အဓိပ္ပါယ်မှ မရှိဘူး”
“ကိစ္စတိုင်းက သူ့အဓိပ္ပါယ်နဲ့ သူပါ..အကိုရယ်…နော်…ကဲ…ဂျာနူးကို ပြန်လိုက်ပို့ပေးဉီး…မိုးချုပ်နေပြီ”
ဗေဒါက စကားဆက်မပြောတော့ပဲ..ကားကို ရန်ကုန်ဘက်သို့ ပြန်မောင်းလာခဲ့လိုက်သည်။
တိတ်ဆိတ်ည။
နီယွန်ရောင်ဖျော့ဖျော့ ဟိုင်းဝေးလမ်းမကြီး။
ကားတစ်စီး..အရှိန်ပြင်းပြင်း..ပြေးလွှား။
ကားထဲမှ လူနှစ်ယောက်။ တစ်ခရီးတည်းဆိုသော်ငြား…သူတို့သည်.အရှေ့ နှင့် အနောက်။
စကားလုံးမဲ့…နာကြင်ခြင်းများကတော့ ကိုယ်စီတူညီစွာ။
“လေနှင်ရာလွင့်ခဲ့…တိမ်တိုက်တစ်ခုပါပဲကွယ်..ယုံကြည်ကိုးစားထားတဲ့..မင်းမျက်လုံးတွေ..မှိတ်ပစ်လိုက်ပါကွယ်…စိတ်ကူးနဲ့ အိပ်မက်ရယ်..တကယ်တမ်း ဖြစ်မလာခဲ့…နေရစ်ခဲ့ပါ..ကလေးရယ်….ငါအဝေးဆုံးကို ပြေးသွားချင်တယ်”
(လေးဖြူရဲ့ လိပ်ပြာစီးရီးထဲက လေလွင့်လူ သီချင်းဟာ အဲ့ဒီအချိန် ၂၀၀၀ ခုနှစ် က စီးရီးမထုတ်ရသေးဘူးဆိုပေမယ့်..ကျွန်တော်က အယ်ဖြူ ရဲ့ စာသားတွေကို ရူးခဲ့ရသူမို့ ဒီအခန်းရေးနေရင်း..အဲ့ဒီသီချင်း.. Mood ကို အရမ်းမိသွားလို့..ထည့်ရေးမိခြင်းပါဗျိူး)
……………………………….
“တီ..တီ..တီ”
ဂျာနူးကို ကိုးမိုင်သို့ ပို့အပြီး ပြန်အထွက်တွင်ပင် ဖုန်းဝင်လာ၏။
ဗေဒါ ကောက်ကိုင်လိုက်သည်။
“ဗေဒါ..ငါလောရှည်…မင်းဘာဖြစ်နေတာလဲ..ခုန ဖုန်းဆက်တော့လည်းမကိုင်ဘူး”
“ကျွန်တော် ဖုန်း အိမ်မှာ ထားခဲ့လို့..ကိုလောရှည်.အပြင်မှာ ညစာထွက်စားနေတာ”
“ငါအရေးကြီးတာပြောမလို့…ဟိုကောင့်ကိစ္စမင်းကို ပြောမလို့”
“ဘယ်သူလဲ..သားငယ် လား”
“အေး..ဒီကောင်က သူ့ယောက္ခမကို ဘာပြောထားလဲမသိဘူး…သူ့ကို လုံခြုံရေးချပေးထားတယ်..ဘယ်သွားသွား..လုံခြုံရေးတွေနဲ့..ငါတို့လည်း ဒီကောင့်လမ်းကြောင်းကို အသာလေးလိုက်နေတာ…ကြားထားတဲ့ သတင်းအရတော့..ဒီကောင်က သူ့မိန်းမ မရှိတဲ့အချိန်ဆို… သူ့မယားငယ်မ အိမ်ကို ည ၁၁ နာရီလောက် သွားတတ်တယ်..အဲ့ဒီမှာပဲ အိပ်ပြီး မနက် ၆ နာရီလောက် ထပြန်လာတတ်တယ်တဲ့..ဒီညနေပဲ သူ့မိန်းမက စင်ကာပူကို သွားတယ်ဆိုတော့..ဒီည ဒီကောင် အဲ့ဒီကို လာမှာ..သိတဲ့အတိုင်း မယားငယ်အိမ်သွားရင်တော့ ယောက္ခမပေးထားတဲ့ လူတွေကို ဘယ်ခေါ်သွားရဲမလဲ..ဒီကောင်တစ်ကောင်တည်း..ဒါမှမဟုတ် သူငှားထားတဲ့ လူမိုက်တစ်ကောင်ကောင် လောက်ပဲ ပါမှာ”
“သေချာတယ်ဆို..ကျွန်တော် ဒီညပဲ ဒီကောင့်ကို သုတ်မယ်..ကိုလောရှည်”
“မင်းတစ်ယောက်တည်း ဖြစ်ပါ့မလား…ငါ လူလွှတ်ပေးရဉီးမလား”
“ရတယ်..ကျွန်တော် ကျားရွှမ် ဆီက လူတောင်းလိုက်မယ်…ဒီကောင့်ကို “မ”လာ ဖို့ နေရာသာ စီစဉ်ပေးထား..ကိုလောရှည်..သူ့မယားငယ် လိပ်စာလည်း ကျွန်တော့်ကိုပေးဉီး”
“မင်းသိပါတယ်….မီးမီးပုလဲ လေ”
“ဟိုမော်ဒယ်ဂဲလ် လား”
“အေး..သူ့အိမ်ကို ဟိုကောင်လာမှာ”
“ရပြီ”
မီးမီးပုလဲ နေအိမ်ကို ဗေဒါ ကောင်းကောင်းသိသည်။ သူကလည်း မူးယစ်ဆေးမျိုးစုံကို မော်ဒယ်အသိုင်းအဝိုင်းထဲ ဖြန့်နေသည့် ငတိမ။
ဂျာနူးနှင့်တုန်းက မြိုသိပ်ထားခဲ့ရသည့် နာကြင်မှုများ၊ ဒေါသများက ဉီးတည်ရာပြောင်းသွားခဲ့ပြီ။
ဗေဒါ ကျားရွှမ် ဆီ ချက်ချင်းဖုန်းဆက်လိုက်သည်။ ည ၁၀ နာရီပင် မထိုးသေးသဖြင့် အချိန်မှီလောက်၏။
မီးမီးပုလဲတို့ အိမ်လမ်းထိပ်သို့ အရောက်တွင် ကျားရွှမ် နှင့် အတူ သူ့လူများဖြစ်သော အားပေါင်၊ ကောင်းဆက်၊ မုံရာနောင်တို့က ကားတစ်စီးဖြင့် အသင့်စောင့်နေသည်။
“ငါတို့ လိုက်ခဲ့ရဉီးမလား.ဗေဒါ”
“ရတယ်..ကျားရွှမ်..ဒီကောင့်ကို တင်ခေါ်သွားဖို့သာ အသင့်ပြင်ထား..ကျွန်တော်ပဲ လှုပ်ရှားလိုက်မယ်”
ဗေဒါက မီးမီးပုလဲ အိမ်ရှေ့သို့ တစ်ယောက်တည်းလျှောက်သွားလိုက်၏။
ဘောင်းဘီကြားတွင် ပစ္စတိုကို အသင့်ထိုးကာ မီးမီးပုလဲခြံရှေ့ ဘဲလ်ကို နှိပ်လိုက်သည်။
ခဏအကွာ တံခါးဟလာ၏။
မီးမီးပုလဲ က ညဝတ်ဂါဝန်ပါးပါးလှပ်လှပ်ဖြင့်။ ဒီည သူ့ကောင် လာမည်ဆိုသဖြင့် လွယ်ကူအဆင်ပြေ အောင် အသင့်အနေအထားပြင်ထားသည့်ပုံ။
ဗေဒါကို မြင်တော့ အံဩသွားသည်။
“ကိုဗေဒါကြီး..ဒီအချိန် ဘာကိစ္စလဲ”
“သားငယ် ဒီည လာမှာမဟုတ်လား”
မီးမီးပုလဲ က အင်း..အင်း..အဲ..အဲ လုပ်နေသည်။
“ငါသိပြီးသားပါ..နင်လိမ်မနေနဲ့”
“ဟုတ်..အခုတော့ မရောက်သေးဘူး…ဘာကိစ္စရှိလို့လဲ”
“နင်သိပါတယ်..နင့်ကောင် ရှုပ်ထားတဲ့ကိစ္စ ရှင်းဖို့လာတာ..တံခါးဖွင့်”
ဗေဒါ၏ အကြောင်းကို သိပြီးသားဖြစ်သဖြင့် မီးမီးပုလဲက တံခါးဖွင့်ပေးသည်။
“ကဲ…နင် အိမ်ပေါ်တက်အိပ်တော့….နင့်ကောင်ကို ငါ ခဏခေါ်သွားမယ်.. သူ့အသက်အန္တရာယ် ဖြစ်အောင် ဘာမှ မလုပ်ဘူး…ဒီကိစ္စ နင် ဖွရင်တော့…နင်နဲ့ နင့်ကောင်ကိစ္စပေါ်သွားရင်…ဟိုဝန်ကြီးသမီးက နင့်ကို မူးယစ်မှုနဲ့ ထောင်ထဲထည့်လိုက်မယ်..ငါပြောတာ..ကြားလား..နင့်အတွက်ပြောတာ”
“ဟုတ်ကဲ့..ကိုဗေဒါ”
ဒီလောကမှ အမျိုးသမီးအချို့အကြောင်း ဗေဒါက နောကြေပြီးသား။ သူတို့ခမြာ မတတ်သာသဖြင့် သာ စပွန်ဆာယူထားကြရခြင်းမဟုတ်လား။
ဗေဒါက သေနတ်ကို လက်တစ်ဖက်က ကိုင်ရင်း ခြံထဲမှ ဒန်းပေါ်တွင် ထိုင်စောင့်နေလိုက်သည်။
ဆယ့်တစ်နာရီကျော်ကျော်ခန့်တွင်..အိမ်ရှေ့မှ ကားတစ်စီးရပ်သံ။
ဗေဒါက သေနတ်ကို အသင့်ပြင်ထားလိုက်၏။
သားငယ်က ဘဲလ်တီးလိုက်သည်။ဗေဒါက တံခါးကို ဖွင့်ပေးလိုက်၏။
ဗေဒါကို မြင်သည့်အခါ သားငယ်က ရုတ်တရတ်လန့်သွားသည်။
ပြန်လှည့်ပြေး၏။
ဗေဒါက စောင့်တွန်းလိုက်သဖြင့် အရှိန်ဖြင့် ခြံရှေ့တွင် လဲကျသွားသည်။
ထိုအချိန်တွင် ဓားကိုင်ထားသော တစ်စုံတစ်ရာက ဗေဒါကို ဝင်ပိုင်း၏။
ဗေဒါက အလိုက်သင့်ရှောင်ပေးလိုက်ပြီး သေနတ်ဖြင့် ချိန်လိုက်သည်။
ဓါးဖြင့်ခုတ်သူက ဗေဒါ မျက်နှာကိုမြင်သည့်အခါ ရပ်သွား၏။
အခြေအနေကို စောင့်ကြည့်နေသည့် ကျားရွှမ်က ပုဆိန်တလက်ကို ကိုင်ကာ သူတို့အနောက်သို့ ဝုန်းခနဲရောက်လာသည်။
“ကျားရွှမ်..မလုပ်နဲ့ဟ”
ဗေဒါ တားလိုက်သည်။ မတားလို့မရ။ ကျားရွှမ်ခုတ်မည့်သူက ဧရာ။
သားငယ် ငှားထားသည် လူမိုက်ဆိုသည်က ဧရာပေပဲ။
“ဟေ့ကောင်..သားငယ်..ယောက်ျားဆိုတာ ကိုယ့်ကိစ္စ ကိုယ်ရှင်းရတယ်ကွ..မင်း ငြိမ်ငြိမ်နေ ..မနေရင် ငါပစ်မှာ”
ဗေဒါက သေနတ်မောင်းကို ဆွဲလိုက်၏။
“ကိုဗေဒါ”
“ဧရာကြီး…မင်းကို ဒီကောင်ငှားထားတာလား”
“ဟုတ်ကဲ့”
“သူမင်းကို ပေးထားတဲ့ ပိုက်ဆံ..ငါပြန်ပေးလိုက်မယ်….မင်းဝင်မပါနဲ့တော့..သဘောပေါက်လား”
“မဟုတ်ဘူး..ကျွန်တော်..”
ဧရာကြီးက ရှေ့တိုးလာ၏။
သို့သော်….အားပေါင်က အူဇီသေနတ်ဖြင့် သူတို့နား ထပ်ရောက်လာသည့်အခါ ဧရာကြီးမှာ ရပ်တန့်သွားသည်။
“ကဲ..ဒီလောက်ဆို သဘောပေါက်တော့…သားငယ်..မင်းငါတို့နဲ့ အသာတကြည်လိုက်ခဲ့..ဟုတ်ပြီလား”
ကျားရွှမ်နှင့် အားပေါင်က သားငယ် ကို တစ်ဖက်စီချုပ်ကာ ကားဆီသို့ ခေါ်သွားကြ၏။
“ကိုလောရှည် နေရာစီစဉ်ထားတယ်…သူ့ဆီဖုန်းဆက်ပြီးသာ ခေါ်သွားလိုက်..ငါလိုက်လာခဲ့မယ်”
“ဒီကောင်ကြီးကိုရော ဘယ်လိုလုပ်မှာလဲ..ဗေဒါ”
ကျားရွှမ်က ဧရာ ကို မေးငေါ့ပြလိုက်၏။
“ဒါ..ကျုပ်မိတ်ဆွေပါ…အေးဆေးဖြစ်တယ်”
ဗေဒါက သေနတ်ကို ခါးကြားသို့ ပြန်ထိုးလိုက်သည်။
“ဧရာ..မင်းဘယ်ပျောက်နေတာလဲ..မင်းကို ငါလိုက်ရှာနေတာ”
“ကျွန်တော်သိပါတယ်..ကိုဗေဒါ…ဒါပေမယ့်ဗျာ..ခင်ဗျား ကျွန်တော့်ကို ဘာလို့ ရှာနေမှန်း ကျွန်တော်မသိဘူးလေ.. ပြီးတော့ ကိုစိုးမြတ်ကြီးသေသွားပြီးနောက်ပိုင်း…အကြည်လေးတို့အုပ်စုကလည်း တမျိုးလေ..ဒါကြောင့် ကျွန်တော် ဘလုတ်ညွန့်ဘက် သွားရှောင်နေတာ…ကြာတော့ လူက ငတ်လာတာပေါ့..ဒါနဲ့ ဘလုတ်ညွန့်ဇိုးတွေကတဆင့် ဒီဘဲနဲ့ ချိတ်မိပြီး သူ့ဘော်ဒီဂတ်လုပ်မလား တခေါက်လိုက်ပေးရင် ငါးသောင်းပေးမယ်ဆိုတာနဲ့ လိုက်လုပ်နေတာ”
“အေး..ဒီဘဲနဲ့ပေါင်းမှ မင်းတကယ်သေမှာ..အဲ့ဒါ မင်းသိလား”
“မတတ်နိုင်ဘူးဗျာ..ကိုယ့်အလုပ်ပဲဟာကို…အခုတောင်.ခင်ဗျားတို့မှာ သေနတ်တွေနဲ့မို့..မဟုတ်ရင်”
“ဟား..တကယ့်ကောင်ကွာ..ဧရာ..မင်းကောင်ကို ငါတို့ ဘာမှမလုပ်ပါဘူး..ရစရာရှိတာတောင်းပြီး ပြန်လွှတ်မှာ..မင်းကို သူပေးထားတဲ့ငွေလည်း ငါပြန်ပေးလိုက်မယ်..ဟုတ်ပြီလား..ကဲ..ဒါနဲ့..မင်း အခု ဘယ်မှာနေတာလဲ..ငါ့ကို လိပ်စာပေးထားဉီး”
“ပန်းဆိုးတန်းမှာ ကိုစိုးမြတ်ကြီး ရှိတုန်းက ပေးနေထားတဲ့ တိုက်ခန်းတော့ရှိတယ်…ဒါပေမယ့်လည်း မနေရဲဘူးလေ”
“အင်း….ငါမင်းကို လိုက်ရှာနေတာ တခြားမဟုတ်ဘူး…မင်းကို တွေ့ချင်နေတဲ့လူတစ်ယောက်ရှိလို့”
“ဘယ်သူလဲ”
“မင်းရဲ့ သွေးသားရင်းချာတစ်ယောက်ပေါ့ကွာ”
ဧရာက မျက်မှောင်ကြုံ့ကာ စဉ်းစားသွား၏။
“ကျွန်တော်က တကောင်ကြွက်ပါဗျာ..ဘယ်က သွေးသားရင်းချာလဲ”
“ဟုတ်ပါပြီ…မင်း…အခု ကိုစိုးမြတ်ရဲ့ တိုက်ခန်းမှာပဲ သွားနေပါ…. ငါမင်းကို လာတွေ့မယ်..မင်းအဆင်ပြေမယ်ကိစ္စမို့ …ဆက်ဆက်စောင့်နေနော်.ငါ့ကောင်”
“ဟုတ်ကဲ့..ကိုဗေဒါ…ကိုစိုးမြတ်ရှိတုန်းကလည်း ခင်ဗျားကိုပဲ ယုံကြည်ပါလို့ သူ ကျွန်တော့်ကို ပြောဖူးပါတယ်”
ဧရာစကားကြောင့် ဗေဒါ့စိတ်ထဲ နင့်ခနဲဖြစ်သွားရသည်။ သွားလေသူ စိုးမြတ်။ သူ့အပေါ် ညီအကိုအရင်းလို ချစ်ခင်သူ။
ဗေဒါက ဧရာကြီးကို သေချာမှတ်ကြားပြီးနောက် ကားပေါ်သို့ တက်လိုက်သည်။
ထို့နောက် လောရှည်ထံသို့ ဖုန်းဆက်လိုက်၏။ လောရှည်က ဗေဒါသိသော နေရာတစ်ခုကို ပြောပြသည်။
ညှီနံများ။ ကွန်တိန်နာအဟောင်းကြီးထဲ အခန်းဖွဲ့ထားသော်လည်း အသားငါးညှီနံ့များက ပတ်ပတ်လည်။
အခန်းထဲတွင် မီးသီးတစ်လုံးသာ ထွန်းထား၏။
ဗေဒါ တံခါးဖွင့်ဝင်လိုက်သည့်အခါ မီးသီးအောက်မှ ထိုင်ခုံတွင် ပြူးကြောင်နေသည့်မျက်လုံးအစုံဖြင့်။
စားပွဲပေါ်တွင်လည်း..ဝီစကီတစ်လုံးနှင့် ခေါက်ဆွဲကြော်တစ်ပွဲ။
ကျားရွှမ်တို့ က ဘိန်းစားကို စိတ်ခြောက်ခြားအောင် လျှောက်လုပ်ထားသည့်သဘော။
“ဒီမှာ ဒီလောက် ဧည့်ခံထားတာတွေတောင် မစားနိုင်..မသောက်နိုင်ဖြစ်နေတယ်..မင်းကောင်ကတော့..”
ကျားရွှမ် က ပြောပြာဆိုဆိုဖြင့် ဝီစကီပုလင်းနှင့် ခေါက်ဆွဲကြော်ကို သိမ်းလိုက်သည်။
“ကဲ..မင်းမသောက်လည်း..ငါတို့ သွားသောက်လိုက်တော့မယ်.ဗေဒါ…ငါတို့ ထားခဲ့ပြီနော်”
ဗေဒါက ရှေ့မှ ခုံကို ဆွဲယူထိုင်ချလိုက်၏။
သားငယ်မှာ တကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။
“မင်းကို သူတို့ ကောင်းကောင်းမွန်မွန်ဧည့်ခံထားတာပဲ..ဘာတွေ မစားနိုင်.မသောက်နိုင် ဖြစ်နေတာလဲ”
ဗေဒါက မေးလိုက်သည်။
“သူတို့က ကျုပ်ကို..အကိုကြီး…စား…. စားပြီးရင်တော့..အကိုကြီးကို.သတ်မှာလို့ ပြောတယ်…ခင်ဗျားတို့ ကျုပ်ကို တကယ်သတ်ကြမှာလား”
ထင်ထားသည့်အတိုင်း…ကျားရွှမ်တို့ ကြပ်သွားပြီ။ ဗေဒါ သိပ်ကြပ်ရန်မလိုတော့။
ဗေဒါက သေနတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
“မင်း…ငါတို့ဆီက ယူထားတဲ့အကြွေး..”
“ပြန်ပေးမယ်…ပြန်ပေးပါ့မယ်….ကျုပ်ကို ဖုန်းဆက်ခွင့်ပေး..ကျုပ်တကယ်ပြန်ပေးပါ့မယ်”
သားငယ်က ဆောက်တည်ရာမရ အော်လိုက်၏။
ဗေဒါက ဖုန်းကို ထုတ်လိုက်သည်။
“ရော့…ယောက္ခမအားကိုး ပုဆိန်ရိုးတော့မလုပ်နဲ့နော်..မင်းငါတို့ဆီ ပါလာတာ..ဘယ်သူမှ သိတာမဟုတ်ဘူး.. မင်း မယားငယ်မကလည်း ပြောရဲမယ်မထင်နဲ့”
သားငယ်က တုန်ရီနေသောလက်များဖြင့် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်၏။
အခန်း ၁၆ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>