ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဒရုန်းတပ်ဖွဲ့က မြို့နယ်အတွင်းရှိ စစ်ကောင်စီ အထိုင်ချတပ်စခန်းများနှင့် လှုပ်ရှားစစ်ကြောင်းများကို တစ်လအတွင်း အကြိမ် ၅၀ထက်မနည်း ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီလ ၁၃ရက်တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ရက်မှ ဇန်နဝါရီလ ၁၂ရက်အထိ ရက်ပေါင်း ၃၀တွင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သည့် အကြိမ်အရေအတွက်ဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သား ၂၀ခန့် ထိခိုက်သွားကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ဒရုန်းတပ်ဖွဲ့က ဒရုန်းစစ်ဆင်ရေးကို အဓိကလုပ်ဆောင်သလို မြေပြင်တိုက်ခိုက်ရေးအဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး စကစ အထိုင်ချစခန်းတွေကို တိုက်ခိုက်တာကိုလည်း လုပ်ဆောင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုအရေအတွက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရပြီးတိုင်း စစ်ကောင်စီတပ်ကလည်း ဒရုန်းဖြင့် တန်ပြန်ဗုံးချတိုက်ခိုက်လေ့ရှိကြောင်း ပုလောမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။
စစ်ကောင်စီတပ်ကလည်း ပုလောမြို့နယ်အတွင်း ဒရုန်းတိုက်ခိုက်မှု ပိုများလာပြီး ဒေသခံတော်လှန်ရေးတပ်များ၏ စစ်ဆေးရေးဂိတ်များကို တိုက်ခိုက်လေ့ရှိကြောင်း ပုလောမြို့နယ်အတွင်းရှိ ဒေသခံအချို့က ပြောသည်။
ထို့အပြင် အရပ်သားများနေထိုင်သည့် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်သဖြင့် အရပ်သားထိခိုက်မှုလည်း ခပ်စိပ်စိပ်ရှိနေကြောင်း ၎င်းတို့က ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ရက်ကလည်း တပို့ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို မြိတ်ခရိုင်၊ PDF အမှတ် (၁)တပ်ရင်းက ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရသွားသည်။