ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု တပိုကျေးရွာသား အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်း တပိုကျေးရွာသို့ ဇန်နဝါရီလ ၁၁ရက်က ဝင်ရောက်လာစဉ် အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးကြည်စိုး၊ ဦးမျိုးထိုက်ဦးနှင့် အသက် ၅၀ကျော်အရွယ် ဦးတင်ဝင်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဦးတင်ဝင်းမှာ ၎င်း၏ ရော်ဘာခြံအတွင်းရှိနေစဉ် ဖမ်းဆီးခံရပြီး ဦးကြည်စိုးနှင့် ဦးမျိုးထိုက်ဦးတို့မှာလည်း အခြားရော်ဘာခြံ တစ်ခုအတွင်း ရှိနေစဉ် ဖမ်းဆီးခံရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“သူတို့တွေကို ရော်ဘာခြံထဲမှာပဲ ဖမ်းသွားတာပါ။ စစ်ကြောင်းနဲ့အတူ ခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သားများ ဖမ်းဆီးသွားသည့် ဦးကြည်စိုးမှာ ကျန်းမာရေးမကောင်းသူဖြစ်ပြီး ဖမ်းဆီးသွားချိန် ရိုက်နှက်နှိပ်စက်ထားသည့် ဒဏ်ရာများကိုတွေ့ရကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။
“ရွာသားတွေကို ဖမ်းပြီး (စစ်ကောင်စီတပ်) ၁၇တပ်ထဲ ခေါ်သွားတာပါ။ ဦးကြည်စိုးမှာ ရိုက်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ အခုတော့ ဘိတ် (မြိတ်) ကို ပို့လိုက်ပြီ” ဟု ၎င်းက ပြောသည်။
အဖမ်းခံရသူတစ်ဦး၏ ဇနီးဖြစ်သူက သဲပုံကျေးရွာရှိ စစ်ကောင်စီ၏ အမှတ် (၁၇) တပ်ရင်းကို လိုက်သွားပြီး စုံစမ်းရာတွင် ဖမ်းဆီးထားသူတို့ကို မြိတ်သို့ ပို့လိုက်ပြီဟု သိရှိလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ဒေသတွင်းတွင်မူ ဖမ်းဆီးခံရသူတစ်ဦး သတ်ဖြတ်ခံရသည်ဟုလည်း သတင်းများ ပြန့်နေကြောင်း ၎င်းတို့က ပြောဆိုသည်။
တပိုရွာအနီးရှိ စက်တော်ရာကျေးရွာ ကမ္ဘာလှတောင် ပါဒစက်တော်ရာ ဘုရားမုဒ်ဦးအရှေ့တွင် စစ်ကောင်စီတပ်က ပစ်သတ် ထားသည့် အလောင်းတစ်လောင်းရှိနေသည်ဟု ကုန်တင်ကားမောင်းသူများက ပြောဆိုကြောင်း ဒေသခံများက ဆိုသည်။
တပိုရွာနှင့် စက်တော်ရာရွာအနီးရှိ ဥယျာဉ်ခြံများကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၁ ရက်တွင် မီးရှို့ခဲ့ရာ လူနေအိမ်များ ပျက်စီးခဲ့ပြီး ရော်ဘာခြံများမှာမူ လေးရက်ဆက်တိုက် မီးလောင်ကျွမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။