BREAKING
January 15, 2025

MoU စနစ်ဖြင့်ထိုင်းရောက်လာသော မြန်မာ၂၅ ဦး သုံးလကြာအထိ အလုပ်မရ

January 14, 2025

ပုံစာ - Actual Tokyo max အေဂျင်စီက အလုပ်သမားများကို စေလွှတ်နေစဉ်။

နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင်လာသော မြန်မာအလုပ်သမား ၂၅ ဦးသည် ထိုင်းရောက်လာပြီး သုံးလကျော် ကြာသည်အထိ အလုပ်မရသေး၍ အခက်အခဲဖြစ်နေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား ၂၅ ဦးကို ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးတွင် အလုပ်လုပ်ကိုင်ရန် ပြီးခဲ့သောနှစ် အောက်တိုဘာလ ၉ ရက်နေ့က Actual Tokyo max အေဂျင်စီက နှစ်နှစ်စာချုပ်ချုပ်ဆိုစေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ချိန်တွင် အေဂျင်စီက စာချုပ်ပါ လုပ်ငန်းခွင်သို့ မပို့ဘဲ နဝမင်းမြို့က အဆောင်တစ်ခုသို့ မြန်မာအလုပ်သမား ၂၅ ဦးစလုံးကို ပို့ဆောင်ခဲ့ကြောင်း အလုပ်သမားများထံမှသိရသည်။

ယင်းမြို့တွင်လည်း မြန်မာအလုပ်သမားများသည် အလုပ်မရပဲ နှစ်လကြာ နေခဲ့ရပြီးနောက် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပါကျင်ဘူရီသို့ အေဂျင်စီက ပြန်လည်ခေါ်ဆောင်ကာ အဆောင်တစ်ခုတွင် အလုပ်သမားများကို ပစ်ထားခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမားများသည် ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ အလုပ်မလုပ်ရသေးသဖြင့် နေထိုင်ရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။

“အခုကလေ ရပ်တည်ရဖို့ တော်တော်ခက်ခဲနေတယ်။ ပြီးရင် ကျွန်မတို့ မိဘတွေဆီမှာ သုံးလလောက်မှာ စားဖို့အတွက် အခန်းခတွေအတွက်ကို မိသားစုထံ ပြန်မှာပြီး သုံးနေရတယ်။ စားဖို့လည်း ကျွန်မတို့ဆီမှာ မရှိတော့ပါဘူး။ အဲလိုအရမ်း ခက်ခဲနေရတယ်ရှင်” ဟု မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုင်းတွင် တရားဝင် လုပ်ကိုင်နိုင်ရန် အေဂျင်စီကို ကျပ်သိန်းသုံးဆယ်ကျော်ပေး၍ လာရောက်ခဲ့သော်လည်း အလုပ်မရသည့်အပြင် စားသောက်နေထိုင်စရိတ်ကို ပြည်တွင်းမှ ပြန်မှာသုံးနေရကြောင်း ၎င်းကဆိုသည်။

အလုပ်မလုပ်ရပဲ သုံးလကျော်လာခဲ့သဖြင့် ကူညီဖြေရှင်းပေးရန် WAG အဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့သဖြင့် လိုက်ပါကူညီဆောင်ရွက်နေကြောင်း ကိုမုန်တိုင်းက ပြောသည်။

“အလုပ်သမားတွေက သုံးလထဲမှာ ဘာအလုပ်မှလည်း မရဘူး။ ကိုယ့်အခန်းကိုငှား ကိုယ့်စရိတ်နဲ့ ကိုယ်စားနေကြရတယ်။ အေဂျင်စီကို ဆက်သွယ်ပေးတော့လည်း သူတို့ ထိုင်းကို တင်လိုက်တာပဲ သိတယ်။ ဒီလိုမျိုး ဒုက္ခရောက်နေတာ မသိဘူးတဲ့။ မေးကြည့်ရဦးမယ်ဆိုပြီး ရှောင်နေတယ်” ဟု ကိုမုန်တိုင်းက ဆိုသည်။

လက်ရှိတွင် အေဂျင်စီဘက်က အလုပ်သမားများ၏ အခက်အခဲများအပေါ် တာဝန်ယူမှုမရှိသေးဘဲ အကြောင်းအမျိုးမျိုးပြ၍ ရှောင်လွှဲနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာအလုပ်သမားများ အလုပ်အကိုင် မရရှိခဲ့သဖြင့် အခက်အခဲများ ဖြစ်နေသည့်အပေါ် Actual Tokyo max အေဂျင်စီသို့ ဖုန်းဆက်မေးမြန်းခဲ့ရာ အေဂျင်စီက စေလွှတ်ပြီး အလုပ်မရသည့် ဖြစ်စဉ်မျိုး မရှိသေးကြောင်း၊ ထို့ကြောင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မသိသေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

စေလွှတ်ထားသော အလုပ်သမားများအနက် အလုပ်ထွက်စာတောင်းပြီး အလုပ်အသစ်ပြောင်းလိုပါက တာဝန်ယူလုပ်ဆောင်ပေးနေပြီး အကယ်၍ အလုပ်မရဘဲ အခက်အခဲဖြစ်နေပြီဆိုပါက Actual Tokyo max အေဂျင်စီ၏ ဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ ငွေကုန်ကြေးကျခံ၊ အချိန်ကုန်ခံ၍ MoU စနစ်ဖြင့် တရားဝင် လာရောက်ခဲ့သော်လည်း ထိုင်းရောက်လာသောအခါ အေဂျင်စီများ၏ တာဝန်မဲ့မှု၊ လိမ်လည်မှုများကြောင့် အလုပ်မရခြင်း၊ စာရွက်စာတမ်း သိမ်းဆည်းခံထားရခြင်း၊ လုပ်အားခမရခြင်းကဲ့သို့ အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်တိုက်ကြုံတွေ့နေကြကြောင်း အလုပ်သမားအရေး အဖွဲ့အစည်းများက ဆိုသည်။