စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်းများထံ ဘက်ပြောင်း ခိုလှုံလာသူ ဇန်နဝါရီလ ပထမ ၁၄ ရက်အတွင်း ၂၉ ဦး အထိရှိကြောင်း အမျိုးသား ညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည် ။
တနင်္သာရီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နှင့် မွန်ပြည်နယ်တို့ရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း ၊ တပ်ဖွဲ့ များ နှင့် ရှေ့တန်းစခန်းများမှ တစ်ဆင့် လက်နက်နှင့်အတူ ထွက်ပြေးခိုလှုံကြခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။
မကွေးတိုင်း ဆောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦးနှင့် စစ်ကောင်စီ စစ်ကြောင်းတွင်ပါဝင်သည့် စစ်ကောင်စီ တပ်သား ငါးဦး စုစုပေါင်း ခုနစ်ဦး သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါ်ခရိုင် တပ်ရင်း ၂၊ ၃ ၊၅ တို့ထံ လက်နက်များ နှင့်အတူဇန်နဝါရီလ ၂ရက် ၊ ၆ ရက် နှင့် ၉ ရက်တို့တွင် အသီးသီး ဘက်ပြောင်းခိုလှုံခဲ့ကြသည်။
ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး သည်လည်း တောင်ပိုင်းစစ်ဒေသ ၊ အမှတ် ၂ စစ်ဒေသခွဲ အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဇန်နဝါရီလ ၇ ရက်က လက်နက်ချ၍ ဘက်ပြောင်းခိုလှုံခဲ့သည်ဟု အမှတ် ၂ စစ်ဒေသခွဲ က သတင်းထုတ်ပြန်သည်။
ပခုက္ကူမြို့နယ် ၊ BPI မွေးမြူရေးတပ်စခန်းမှ စစ်ကောင်စီတပ်သား နှစ်ဦးသည် ဇန်နဝါရီလ ၉ ရက်တွင် ပခုက္ကူ PDF တပ်ရင်း ၈ ထံ ဘက်ပြောင်းခိုလှုံလာပြီး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ္မကားရွာတွင် တပ်စွဲထားသည့် ခမရ-၁၃ မှ ပြည်သူ့စစ် တပ်သားနှစ်ဦးသည်လည်း ဇန်နဝါရီလ ၁၀ ရက်တွင် ရွှေဘိုခရိုင် PDF တပ်ရင်း ၂ ထံ ခိုလှုံခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၁ ရက်တွင်မူ အဓမ္မစစ်မှုထမ်းဆောင်ရန် စစ်သားစုဆောင်းခံရသည့် ဘုတ်ပြင်းမြို့နယ် အခြေစိုက် ခမရ ၅၅၉ မှ စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦးမှာ လက်နက်များနှင့်အတူ မွန်နှင့်ကရင် နယ်စပ်ရှိ ရှေ့တန်းစခန်းမှ ထွက်ပြေးကာ ဒေါနတပ်ရင်း ထံ ခိုလှုံခဲ့ကြောင်း ဒေါနတပ်ရင်း ထံကသိရသည် ။
အထက်ဖော်ပြပါ ဘက်ပြောင်းခိုလှုံလာသူများထံမှ သေနတ်အမျိုးအစားစုံ အလက် ၂၀၊ စနိုက်ဘာ (၁) လက်၊ စက်လက် (၁) လက်၊ လက်နက်ကြီးနှစ်ခု ၊ လက်ပစ်ဗုံး (၁၀) လုံး၊ MA ကျည်ဘောက် (၂၉) ခု ၊ ကျည်ဆန် အမျိုးအစားစုံ အတောင့် နှစ်ထောင်နီးပါး နှင့် အီနာဂါဗုံးသီး ၁ လုံး တို့ ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ကဆိုသည် ။
” ခိုလှုံလာသူတွေကို အကောင်းဆုံးဖြစ်အောင်စီစဥ်ပေးနေပါတယ် ။ အတတ်နိုင်ဆုံး မိသားစုနောက်ဆက်တွဲတွေပါ လုံခြုံရေး အတွက် စီစဥ်ပေးနေတာကြောင့် စစ်ကောင်စီဘက်ကနေ အမြန်ထွက်လာပြီး နီးစပ်ရာ PDF တပ်ရင်းတွေဆီ ခိုလှုံလာဖို့ ကြိုဆိုပါတယ် ” ဟု ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင် က တိုက်တွန်းပြောကြားသည် ။
ပြီးခဲ့သည်နှစ် ဒီဇင်ဘာလကလည်း စစ်ကောင်စီ လက်အောက်ရှိ တပ်သားနှင့် ရဲ ၂၈ ဦး ဘက်ပြောင်းခိုလှုံ ခဲ့ကြောင်း စစ်ကောင်စီတပ်ဘက်ကိုစွန့်ခွာလိုသူများကို ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့ထံသိရသည် ။