BREAKING
January 14, 2025

မဲဆောက်တွင် မြန်မာလုပ်သားများ ဝမ်းပျက်ဝမ်းလျှော ပြန်ဖြစ်

January 14, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် နေရပ်ပြန်မြန်မာအလုပ်သမားများ ဝမ်းပျက်ဝမ်းလျှောရောဂါ ပြန်ဖြစ်နေ၍ ရောဂါထိန်းချုပ်နိုင်ရန် ထိုင်းအာဏာပိုင်များက လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သောရက်များတွင် မြန်မာအလုပ်သမား အများစုရှိရာ မယ်ရမတ်ဒေသ၌ နေရပ်ကပြန်လာသော မြန်မာအလုပ်သမား နှစ်ဦးတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့က ထိုင်းအာဏာပိုင်များက ပညာပေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။

နှစ်ဦးစလုံးသည် စိုက်ပျိုးရေးအလုပ်သမားများဖြစ်ကြပြီး မြန်မာဘက်ခြမ်းသို့ သွားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ထိုင်းသို့ ပြန်လည်ရောက်ရှိလာသူများဖြစ်သည်။

၎င်းတို့နှစ်ဦးသည် SMRU ဝမ်ဖါးဆေးခန်းတွင် ဆေးကုသနေပြီး ရောဂါမှ သက်သာလာနေပြီဖြစ်ကြောင်း သိရသည်။

ရောဂါပြန်ဖြစ်လာမှုကြောင့် မယ်ရမတ်ဒေသက မြန်မာအလုပ်သမားများကြား ပြန့်ပွားမှု မရှိစေရန်နှင့် ထိန်းချုပ်နိုင်ရန် ထိုင်းနယ်ခြားစောင့်တပ်များနှင့် ခရိုင်ကျန်းမာရေးအဖွဲ့များက ပူးပေါင်းပြီး ဆေးဝါးနှင့် အသိပညာပေးမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

တောင်ယာ၊ ခြံနှင့် ရွှေ့ပြောင်းအလုပ်သမားအများစုရှိသော နေရာများအထိ ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာလအတွင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသတွင် ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားနေပြီး ထိုင်းဘက်ခြမ်းတွင်လည်း မြန်မာအလုပ်သမားနှစ်ဦး ကူးစက်ခံထားရသဖြင့် ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်ရှိ သဘာဝနယ်စပ်လမ်းကြောင်း အားလုံးကို ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ ထိုင်းဘက်က တစ်လ ယာယီပိတ်ထားသည်။

Ref: Nation TV, Bangkokbiznews