BREAKING
January 14, 2025

ဘုတ်ပြင်းရှိ ကျေးရွာများတွင် ဆန်ဈေးနှစ်ဆနီးပါးမြင့်တက်လာပြီး ဝယ်ယူရခက်

January 14, 2025

ဓာတ်ပုံ - Dawei Watch

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ဘန်ဂလားကျေးရွာအုပ်စုတို့တွင် ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ ဆန်ဈေးနှစ်ဆနီးပါးမြင့်တက်လာပြီး ဝယ်ယူရ ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၂ ရက်က ဘုတ်ပြင်း ပင်လယ်ရေပိုင်နက်အတွင်း စစ်ကောင်စီတပ်၏ ဆန်နှင့် ရိက္ခာများ တင်ဆောင်လာသည့် ‌‌စက်လှေကို KNU တပ်မဟာ (၄) က ဖမ်းဆီးခဲ့သည်။

ဆန်အိတ်နှစ်ထောင်ကျော်နှင့် ရိက္ခာများတင်ဆောင်လာသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး၏ စက်လှေကို ကြားဖြတ် စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။

ထိုသို့ဖမ်းဆီးပြီးချိန်တွင် ဆန်ကုန်သည်များက ဆန်မသယ်ရဲတော့သဖြင့် ဆန်ဈေးနှုန်း မြင့်တက်လာကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းချိန်မတိုင်မီက တစ်သိန်းငါးထောင်ဝန်းကျင်ဖြင့် ရောင်းချနေသည့် ဆန်တစ်အိတ်လျှင် လက်ရှိတွင် တစ်သိန်း ငါးသောင်းနီးပါးအထိ ဈေးတက်လာကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အိမ်ထောင်စုတစ်စုကို ဆန်တစ်ပြည်မှ သုံးပြည်အထိသာ အကန့်အသတ်ဖြင့် ရောင်းချတော့ကြောင်း ဘန်ဂလားကျေးရွာအုပ်စု၊ လေညာ‌ကျေးရွာတွင်နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။ ဘန်ဂလားကျေးရွာအုပ်စုတွင် လေညာအပါအဝင် ကျေးရွာ ခြောက်ရွာရှိသည်။

“ဆန်သယ်ယူခွင့်ပိတ်မယ် သတင်း ဘာညာကြားတော့ ရွာထဲကလူတွေကလည်း အပြေးအလွှား ဆန်ဝယ်စုကြတာပေါ့။ဆန်ဈေးတွေကလည်း ခဏလေးထဲမှာပဲ ထိုးတက်လာတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ပြည်ကြီးမဏ္ဍိုင်မြို့နှင့် လေညာကျေးရွာရှိ ဆန်ဆိုင်ကြီးများတွင် သိုလှောင်ထားသည့် ဆန်အများအပြားရှိသော်လည်း လိုသလောက် ဝယ်ခွင့်မရတော့ကြောင်း ‌ဒေသခံအချို့ထံမှ သိရသည်။

“ဆန်ဈေးတက်လာတော့ မရှိဆင်းရဲသားတွေ ပိုပင်ပန်းကြတာပေါ့။ တချို့ဆို တစ်နေ့ကို ဆန်ပြည်ခြင် (တစ်ပြည်ချင်း) ဝယ်စားနေတဲ့သူတွေဆို ပိုဆိုးတယ်” ဟု ပြည်ကြီးမဏ္ဍိုင်မြို့ခံတစ်ဦးက ပြောသည်။

ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကားလမ်းမှ ခရီးသွားလာသူနည်းပါးနေသလို ပစ္စည်းတင်ကုန်ကားများလည်း ဖြတ်သန်း သွားလာရခက်ခဲနေသည်။