ကလေးငယ်များအပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား နှစ်ဆယ်ကျော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် ဇန်နဝါရီလ ၁၃ ရက် ညက ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ တရားမဝင် မြန်မာအလုပ်သမားများက ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ရှိ ရွှေတြိဂံဒေသ နမ့်ဟုတ်မြစ်ကိုဖြတ်၍ အုပ်စုလိုက်လမ်းလျှောက်ဝင်ရောက်လာသည်ကို သတင်းရရှိခဲ့သဖြင့် နယ်ခြားစောင့်တပ်က သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။
ထိုသို့စစ်ဆေးရာတွင် ကလေးငယ် ၇ ဦးအအပါအဝင် စုစုပေါင်း ၂၂ ဦးကို တွေ့ရှိရပြီး ၎င်းတို့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။
ကလေးငယ် ၇ ဦးအပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၇ ဦးနှင့်အတူ လမ်းပြကူညီသူ ၂ ဦး ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
အဆိုပါ မြန်မာအလုပ်သမားများသည် ရှမ်းပြည်နယ် တာချီလိတ်ခရိုင်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ချင်းစယ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် ၁ တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှာမူ တရားဝင်ဖွင့်လှစ်ခြင်း မရှိသေးပေ။
Ref: MGR Online, Ban Muang