BREAKING
January 22, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

December 13, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ

ပြင်သစ်နဲ့ယူကရိန်းသမ္မတတို့ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံ

ပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီး၊ ပြင်သစ်သမ္မတ မက်ခရွန်တို့ ဒီဇင်ဘာလ ၇ ရက်နေ့က ပြင်သစ်နိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။

မီးဒဏ်သင့်ပြီး ၅ နှစ်လောက် ပိတ်ထားခဲ့ရတဲ့ ပါရီမြို့တော်က အထင်ကရ Notre-Dame ဘုရားရှိခိုးကျောင်းကြီး ဖွင့်ပွဲအခမ်းအနားကို ရောက်ရှိလာကြတာပါ။

ဖွင့်ပွဲ အခမ်းအနားမတိုင်ခင်မှာ ခေါင်းဆောင် ၃ ဦး တွေ့ဆုံကြတာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်အတွက် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်ဖြစ်ပါတယ်။ 

ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကို နိုင်ငံတကာ ခေါင်းဆောင်တွေ လုပ်ငန်းရှင်တွေလည်း တက်ရောက်ခဲ့ပြီး အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒင်လည်း တက်ရောက်ခဲ့ပါတယ်။

Ref: BBC

………………………………..

နယူးယောက် ကျန်းမာရေးအာမခံကုမ္ပဏီစီအီးအိုကို ပစ်သတ်ခဲ့သူကို ဖမ်းမိ

ကျန်းမာရေး အာမခံ ကုမ္ပဏီ အလုပ်အမှုဆောင် အရာရှိကို နယူးယောက်မြို့မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့သူကို ဒီဇင်ဘာလ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး သူအသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ သေနတ်ကိုလည်း သူ့ဆီမှာ တွေ့ရှိရပါတယ်။

သူက ဒီဇင်ဘာလ ၄ ရက်နေ့က အစည်းအဝေးတက်နေတဲ့ ကုမ္ပဏီ အလုပ်အမှုဆောင် အရာရှိကို ဟိုတယ်အပြင်ကနေစောင့်ပြီး ပစ်သတ်ခဲ့တာပါ။

ပစ်ခတ်ခဲ့သူ ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ နှာခေါင်းစည်းတွေကိုလည်း တွေ့ရှိရပါသေးတယ်။

သူ့ကို သေနတ်အမှုနဲ့ ဖမ်းဆီးထားပြီး နယူးယောက်ကို လူသတ်မှုအတွက် လွှဲပြောင်းပေးဖို့ စီစဉ်ထားကြပါတယ်။

လက်ရှိမှာတော့ သူ့ကို လူသတ်မှုနဲ့စွဲချက်တင်ဖို့ သက်သေကြီးကြီးမားမား ရှာမတွေ့သေးဘူးလို့ ရှေ့နေက ဆိုပါတယ်။

Ref: The Guardian

………………………………..

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း အကျဉ်းထောင်ထဲ သေကြောင်းကြံ

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ ထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့က သေကြောင်းကြံစည်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်းဟန်ဟာ ဆိုးလ်မြို့မှာ ထိန်းသိမ်းခံနေရစဥ် သေကြောင်းကြံခဲ့တာပါ။

လုံခြုံရေးတွေက အချိန်မီတားဆီးနိုင်ခဲ့လို့ ဝန်ကြီးဟောင်းက တည်တည်ငြိမ်ငြိမ် ပြန်ရှိသွားတယ်လို့ ဆိုပါတယ်။

သူကို သမ္မတအမိန့်နဲ့ စစ်အုပ်ချုပ်ရေးချမှတ်ရာမှာ နိုင်ငံတော်ပုန်ကန်ထကြွမှုမှာ ပါဝင်မှု၊ အာဏာအလွဲသုံးစားမှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတကိုတော့ နိုင်ငံခြားခရီးသွားလာခွင့် ပိတ်ပင်ထားပြီး အနီးကပ် ဝန်ထမ်းတွေကိုလည်း သက်ဆိုင်ရာ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Ref: BBC

………………………………..

တောင်ကိုးရီးယားဆန္ဒပြပွဲမှာ ကေပေါ့ပ်သီချင်းသံတွေ ပြန့်လွင့်

တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်သွားတဲ့ သမ္မတနုတ်ထွက်ရေး နိုင်ငံရေးဆန္ဒပြပွဲတွေမှာ အရင်ကနဲ့ မတူပဲ ကေပေါ့ပ်သီချင်းသံတွေက ပြီးခဲ့တဲ့ အပတ်တည်းက ပျံ့လွင့်လာတာကို တွေ့ရပါတယ်။

သမ္မတကို ဖြုတ်ချနိုင်ဖို့ အော်ဟစ်တောင်းဆိုတဲ့ ဆန္ဒပြသူတွေက လူကြိုက်များနေတဲ့ သီချင်းတွေနဲ့အတူ ရောင်စုံမီးစတစ်တွေကိုပါ ဝှေ့ယမ်းခဲ့တာပါ။

ယခင်ဆန္ဒပြပွဲပုံစံတွေက အကြမ်းဖက်နည်းဆန်ပြီး ကြောက်ဖို့ကောင်းနေတာကို ရောင်စုံမီးတွေနဲ့ သီချင်းတွေက လူတွေရဲ့ ကြောက်စိတ်တွေကို လျှော့ချပေးတာကို တွေ့ရတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

ဆန္ဒပြပွဲတွေကို လူစိတ်ဝင်စားလာအောင် ပွဲလမ်းပုံစံ ပြုလုပ်တဲ့အတွက် လူတွေ ပိုပြီး ပါဝင်လာနိုင်စေတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

တောင်ကိုးရီးယားသမ္မတရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်နောက်မှာတော့ သူ့ကို ရာထူးက ဖယ်ရှားဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

သမ္မတကို သရော်ထားတဲ့ အလံတွေ၊ ကေပေါ့ပ်သီချင်းတွေနဲ့အတူ ပြည်သူတွေက ရေခဲမှတ်အောက်ရောက်အောင် ချမ်းအေးတဲ့ ရာသီဥတုကို ရင်ဆိုင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

Ref: The Guardian

………………………………..

လက်ဘနွန်တောင်ပိုင်းက အစ္စရေးတပ်တွေနေရာမှာ လက်ဘနွန်တပ်တွေနဲ့ အစားထိုး

အစ္စရေးနဲ့ ဟစ်ဘိုလာကြားက အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု တစ်ခုအနေနဲ့ အစ္စရေးတပ်တွေကို လက်ဘနွန်တောင်ပိုင်းက မြို့ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီနေရာမှာ လက်ဘနွန်တပ်တွေနဲ့ အစားထိုးလိုက်တာပါ။

အမေရိကန်နဲ့ ပြင်သစ်တို့က နှစ်ဘက်အပစ်အခတ်ရပ်စဲရေး ကြားဝင်စေ့စပ်ပြီး နှစ်ပတ်အကြာ အစ္စရေးတပ်တွေက အယ်လ်ခမ်းမြို့ကနေ ပြန်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်တာကြောင့် အစ္စရေးနဲ့ ဟစ်ဘိုလာကြား လနဲ့ချီပြီး အပြင်းအထန် တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။

ဒါဟာ ရေရှည်ဖြစ်ဖို့လိုပြီး နယ်စပ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့နေအိမ်တွေကို ပြန်သွားနိုင်မှာဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။

Ref: France 24

………………………………..

ဆီးရီးယား တော်လှန်ရေးအဖွဲ့က အာဆတ်အစိုးရရဲ့ လုံခြုံရေးအဖွဲ့ကို ဖျက်သိမ်း

ဆီးရီးယားနိုင်ငံမှာ အာဆတ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းမယ်လို့ ဆီးရီးယားတော်လှန်ရေး ခေါင်းဆောင်က HTS အဖွဲ့ခေါင်းဆောင် အဘူမိုဟာမတ် အယ်ဂျိုလနီ ကကြေညာခဲ့ပါတယ်။

တော်လှန်ရေးဘက်က အကျဉ်းထောင်တွေကိုလည်းပိတ်ပစ်ခဲ့တာပါ။

ဖမ်းဆီးခံရသူတွေအပေါ် နှိပ်စက် သတ်ဖြတ်သူအားလုံးကို လိုက်ရှာ အပြစ်ပေးမယ်လို့ဆိုပါတယ်။

တခြားနိုင်ငံတွေကို ထွက်ပြေး သွားတဲ့ နှိပ်စက် ညှင်းပမ်းသူတွေကို ဆီးရီးယားကို ပြန်ပို့ပေးဖို့လည်း တောင်းဆိုထားပါတယ်။

အာဏာရှင် အာဆတ် အုပ်ချုပ်မှု အဆုံးသတ်သွားပြီးနောက် နိုင်ငံရေး အသွင်အကူးအပြောင်းမှာ တရားဥပဒေစိုးမိုးရေး၊ အမျိုးသမီးအခွင့်အရေးအပါအဝင် လူတိုင်းရသင့်တဲ့ အခွင့်အရေးတွေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ဆောင်ရွက်ရမယ်လို့ အနောက်နိုင်ငံတွေက တိုက်တွန်းထားပါတယ်။

Ref: BBC

………………………………..

ဆီးရီးယားအတွက် ဂျာမနီက ယူရို ၈ သန်း ထောက်ပံ့ပေး

ဂျာမနီနိုင်ငံက ဆီးရီးယားအတွက် လူသားချင်းစာနာမှုအကူအညီ ယူရို ၈ သန်း ထပ်မံပံ့ပိုးပေးမှာဖြစ်တယ်လို့ ၏ နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲရ်ဘော့က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

ဆီးရီးယားအတွက် အထူးညှိနှိုင်းရေးမှူး ကိုယ်စားလှယ်အနေနဲ့ ပြည်နယ်ဝန်ကြီး တိုဘီးယပ်စ် လင်းဒ်နာကိုလည်း ခန့်အပ်သွားမယ်လို့ ဆိုတာပါ။

ဆီးရီးယားရဲ့ လတ်တလော အခြေအနေကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဆီးရီယားနိုင်ငံသားတွေဟာ ဂျာမနီနိုင်ငံနဲ့ ဆီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ သန်းနဲ့ချီ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

တူရကီမှာ ခိုလှုံနေတဲ့သူတွေကတော့ ဖြေးဖြေးချင်း နေရပ်ပြန်နေကြတယ်လို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံမှာတော့ ဆီးရီးယား နိုင်ငံသား ၈ သိန်းကျော် နေထိုင်တယ်လို့ သိရပါတယ်။

Ref: DW

………………………………..

Taylor Swift ရဲ့ ဖျော်ဖြေရေးခရီးစဉ် ဒေါ်လာ သန်း ၂၀၀၀ ကျော်ရ

တေလာဆွိဖ်ရဲ့ Eras Tour ဖျော်ဖြေပွဲက ၂၀၂၄ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၂၂၀၀ နီးပါး ရရှိခဲ့တယ်လို့ Pollstar ရဲ့ ၂၀၂၄ နှစ်ကုန်ပိုင်း စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

ဒီပမာဏက နှစ်နှစ်ဆက်တိုက် ကမ္ဘာ့အဝင်ငွေအများဆုံး ဖျော်ဖြေပွဲ ဖြစ်သွားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ ဝင်ငွေဒေါ်လာ သန်း ၁,၀၄၀ ရရှိခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ဒေါ်လာ ၂ ဒသမ ၁၉ ဘီလီယံအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

Eras Tour က တိုက်ကြီး ၅ ခုမှာ အချိန် တစ်နှစ်ခွဲကျော်ဖြစ်တဲ့ ၂၁ လအတွင်း ပရိသတ် ၁၀ သန်းနီးပါးရှေ့မှာ ဖျော်ဖြေပြသွားတာ ဖြစ်ပါတယ်။

Ref: Pollstar

………………………………..

ထိုင်းအဆိုတော်တစ်ဦး အနှိပ်ခန်းမှာ ဇက်ချိုးရာက သေဆုံး

ထိုင်းနိုင်ငံ ဥဒွန်းဌာနီမြို့မှာ နေထိုင်တဲ့ အမျိုးသမီး အဆိုတော် ချယဒါဟာ လွန်ခဲ့တဲ့ လပိုင်းအတွင်း ပခုံးကြော တင်းနေတယ်ဆိုပြီး အနှိပ်ခန်းမှာ သွားအနှိပ်ခံခဲ့ပါတယ်။ 

ဇက်ချိုး အနှိပ်ခံပြီးနောက် ၂ ပတ်ကြာတဲ့အထိ သူ့ဇက်ပိုး နာနေခဲ့တာပါ။

ပခုံးကြော တင်းနေတာ သက်သာမသွားတဲ့အပြင် ဇက်ပိုးနာတာပါ ပိုဆိုးလာတဲ့အတွက် သူက အကိုက်ခဲပျောက်ဆေးတွေ သောက်ခဲ့ရပါတယ်။

သူက ဒီလိုဆက်တိုက်ဖြစ်နေလဲ ဆေးရုံ သွားမပြဘဲ အနှိပ်ခန်းကိုပဲ ထပ်သွားခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ သူ့လက်ချောင်းတွေ အထိအတွေ့ လုံးဝမခံစားရတော့သလို နောက်ပိုင်းမှာ ရင်ဘတ်၊ ညာဘက်ခြေထောက်လည်း ထုံကျင်လာခဲ့တာပါ။ 

နောက်တော့ ခန္ဓာကိုယ် ညာဘက်ခြမ်းတစ်ခြမ်းလုံး အထိအတွေ့ မခံစားရတော့ပါဘူး။

ချယဒါဟာ ဇက်ပိုးဒဏ်ရာကတစ်ဆင့် ကိုမာ ဝင်သွားပြီးနောက် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Ref: Bangkok Post

………………………………..