ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့တွင် ယနေ့ (ဒီဇင်ဘာ ၁၃)နံနက်က ကုန်တင်သင်္ဘောတစ်စီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် တော်ဝင်ဆိပ်ခံ လှေဆိပ်အနီး ပါချန်မြစ်အတွင်း မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။
“(သင်္ဘော)ပေါ်မှာပစ္စည်းတွေပါတော့ ပေါက်ထွက်တာ မနည်းကြမ်းကြမ်းကြီး (ပေါက်ကွဲအားပြင်းထန်)။ လောင်နေတာက တော်ဝင်လှေဆိပ်နားမှာ ပေါက်ထွက်တာ ကြမ်းတော့ အဝေးကြီးအထိတောင် ကြားရတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါကုန်တင်သင်္ဘောမှာ ပါချန်မြစ်လယ်တွင် မီးလောင်ကျွမ်းနေသဖြင့် ငြိမ်းသတ်၍မရဘဲ တစ်နေ့လုံးနီးပါး မီးလောင်ကျွမ်းနေပြီး ညနေပိုင်းရောက်မှ မီးငြိမ်းသွားကြောင်း အဆိုပါမြို့ခံကဆိုသည်။
ယင်းသင်္ဘောမှာ ရန်ကုန်နှင့်ကော့သောင်းကို ကုန်ပစ္စည်းပို့ဆောင်နေခြင်းဖြစ်ပြီး ကော့သောင်းတွင် ကုန်ပစ္စည်းတင်၍ မြစ်လယ်တွင် ရပ်နားထားချိန် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မီးလောင်ရသည့် အကြောင်းအရင်း၊ ပျက်စီးဆုံးရှုံးမှုပမာဏနှင့် လူထိခိုက်မှုရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။