BREAKING
January 22, 2025

တနင်္သာရီတိုင်းတွင် မိုးရွာနိုင်ဟု မိုးဇလထုတ်ပြန်

December 13, 2024

တနင်္သာရီတိုင်းအတွင်း ဒီဇင်ဘာလ ၁၅ရက်အထိ မိုးရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဒီဇင်ဘာလ ၁၃ရက်တွင် ထုတ်ပြန်သည်။

ယနေ့ နံနက် ၇ နာရီတွင် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း ဖော်ပြသည်။

ထို့ကြောင့် တနင်္သာရီတိုင်းတွင် ယနေ့ ဒီဇင်ဘာလ ၁၃ရက်တွင် နေရာစိပ်စိပ်မိုးရွာနိုင်ပြီး ရွာရန် ရာခိုင်နှုန်းမှာ ၈၀ ဖြစ်ကြောင်း ဆိုသည်။

ယင်းအပြင် တနင်္သာရီတိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်ရွေ့လျားရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းစသည်တို့ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

“ဒီနေ့မနက်ကတည်းက မိုးရိပ်တက်နေတယ်။ ပစ္စည်း (ကွမ်းသီး) တွေတောင် အကုန်မလှန်းရဲဘူး။ စိုတဲ့ပစ္စည်း (ကွမ်းသီး) လောက်ပဲ့ မိုးအခြေအနေကြည့်ပြီး လှန်းထားတယ်” ဟု ထားဝယ်မြို့ရှိ ကွမ်းသီးပွဲရုံ အဝယ်ဒိုင်လုပ်ငန်းလုပ်သူတစ်ဦးက ပြောသည်။

နောက်နှစ်ရက်အထိလည်း နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းအပါဝင် ကျန်တိုင်းနှင့်ပြည်နယ်လေးခုတွင်လည်း နေရာကွက်ကျားမှ နေရာကျဲကျဲမိုးရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

ယမန်နေ့ နံနက်ပိုင်းကစပြီး ကော့သောင်းမြို့နယ်၏ နေရာအချို့တွင် မိုးစတင်ရွာသွန်းခဲ့ကြောင်း မြိုခံများက ဆိုသည်။

“ဒီနေ့လည်း မိုးအုန်းနေတယ်။ နေမပွင့်ဘူး” ဟု ကော့သောင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကလည်း ထိုင်းပင်လယ်ကွေ့ မှ ရွေ့လျားဝင်ရောက်လာမည့် လေပွေလှိုင်းသည် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းသို့ရောက်ရှိသောကြောင့် တနင်္သာရီတိုင်းတောင်ပိုင်း ဘုတ်ပြင်း၊ မောတောင်နှင့် ကော့သောင်း မြို့များတွင် ယနေ့မှ ဒီဇင်ဘာ ၁၅ ရက်အထိ သုံးရက်အတွင်း မိုးရွာနိုင်ပြီး မိုးအသင့်အတင့်မှ မိုးသည်းထန်နိုင်ကြောင်း ခန့်မှန်းထားသည်။