လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့်တွေ့သည့် အမျိုးသမီးတစ်ဦးကို စစ်ကြောင်းက ပစ်သတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၅နာရီခန့်တွင် အင်းဇောက်ရွာသူ အဆိုပါအမျိုးသမီးသည် အင်းဇောက်ရွာဈေးသို့ နွားနို့ပို့ရန်အသွား ရွာထဲတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
“ဖြစ်ဖြစ်ချင်း ဆေးရုံသွားဖို့ ကားငှားတာ လိုက်မယ့်သူမရှိတော့ သွေးလွန်ပြီးဆုံးသွားတာ။ အလောင်းကတော့ သူ့အိမ် ပြန်သယ်သွားလိုက်ကြပြီ” ဟု ပစ်သတ်ခံရသည့်အမျိုးသမီးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
အင်အားတစ်ရာကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ရက်ကစပြီး လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ ယင်းနေ့တွင်ပင် မင်းရပ်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်က လမ်းတွင်တွေ့သည့် အရပ်သားများကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း ၎င်းတို့က ပြောဆိုသည်။
အဆိုပါစစ်ကြောင်းသည့် ယနေ့ နံနက် ၃ နာရီခန့်တွင် အင်းဇောက်ကျေးရွာအနီးသို့ ရောက်လာခဲ့ပြီး နွားနို့ပို့သည့် ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
Dawei Watch က ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းတွင် ကတ္တာရာလမ်းပေါ် ရှိ ဆိုင်ကယ်နံဘေးတွင် အမျိုးသမီးတစ်ဦး သွေအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့ရသည်။
စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တို့တွင်မူ သဗျာရွာ မီးသတ်တပ်ဖွဲ့ရုံး၊ မဲမော်ရွာ၊ အင်းဇောက်ရွာတို့အနီးတွင် ယနေ့နံနက် ၃ နာရီမှ နံနက် ၈ နာရီကျော်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ရေးသားထားသည်။
သို့သော် အရပ်သားအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်သွားသည်ကိုမူ ထည့်သွင်းရေးသာခြင်း မရှိပေ။
ယနေ့နံနက်ပိုင်းအထိ အထက်ဖော်ပြပါနေရာတွင် ထိတွေ့ပစ်ခတ်မှုတို့ဖြစ်ပွားနေကြသဖြင့် ခရီးသည်အချို့ ပိတ်မိခဲ့ကြ သော်လည်း နေ့လယ်ပိုင်းတွင်မူ ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
ယခုစစ်ကြောင်းမှာ လောင်းလုံးရဲစခန်းမှ တပ်ဖွဲ့ဝင် ခုနစ်ဦး ထွက်ပြေးသွားသဖြင့် ၎င်းတို့အားရှာဖွေရန် စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း Dawei Watch အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်သည် ယမန်နေ့ကတည်းက လောင်းလုံးမြို့အောက်ဘက်သို့ ရေလမ်း၊ ကုန်းလမ်းတို့ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲဝင်ရောက်နေကြခြင်းဖြစ်သည်။