မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံတွင် အသက် ၂၀ အရွယ် လူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာနေ အသက် ၂၀ ကျော်အရွယ် မောင်သက်အောင်ဆိုသူသည် ရော်ဘာခြစ်ရန် ဒီဇင်ဘာလ ၄ ရက်နေ့က နေအိမ်မှ ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံသို့ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးနေသည့် မောင်သက်အောင်ကို မိသားစုဝင်တို့က လိုက်လံရှာဖွေရာမှ ရော်ဘာခြံတွင် မိုင်းထိထားသည့် ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“သူက ပျောက်နေတာ တစ်ပတ်လောက်ရှိတာပေါ့ လိုက်ရှာကြပေမယ့် မတွေ့ဘူး။ နောက်ဆုံးတော့ ရော်ဘာခြံမှာ အလောင်းပြန်တွေ့တယ်။ မိုင်းထိထားတဲ့ ဒဏ်ရာတွေနဲ့” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။
မောင်သက်အောင် မိုင်းနင်းမိသည့်နေရာသည် စစ်ကောင်စီတပ်ဖွဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တို့လည်း လှုပ်ရှားသွားလာနေပြီး မြေမြုပ်မိုင်းကို မည်သည့်အဖွဲ့က ထောင်ထားသည်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ပြင်းထန်လာခဲ့ပြီးနောက်ပိုင်း မြေမြုပ်မိုင်း နင်းမိပေါက်ကွဲသည့်ဖြစ်စဉ်လည်း ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။
အထူးသဖြင့် တိုက်ပွဲပြင်းထန်နေသည့် ရေး-သံဖြူဇရပ်ကားလမ်း အရှေ့ဘက်ခြင်း ရဲတံခွန်ကျေးရွာဘက်တွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းခန့်ကစပြီး မြေမြုပ်မိုင်း ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။
စုဆောင်းထားသည့် အချက်အလက်များအရ သံဖြူဇရပ်မြို့နယ်အတွင်း ဩဂုတ်လကုန်ပိုင်းမှ ဒီဇင်ဘာလထိ မြေမြုပ်မိုင်းနင်းမိသူ ၈ ဦးထက်မနည်းရှိသည်။