BREAKING
February 28, 2025

ကရင်ပြည်နယ်၊ ဘုရားသုံးဆူတွင် ကလေးပျောက်မှုများ ဆက်တိုက်ဖြစ်

December 13, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် အသက် ၁၀ နှစ်အောက် ကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပြီး မြို့ခံများကလည်း စိုးရိမ်နေကြသည်။

ဘုရားသုံးဆူမြို့ပေါ်တွင် ယခင်က ကလေးပျောက်ဆုံးသည့်ဖြစ်စဉ် ရှိခဲ့သော်လည်း တစ်နှစ်နေမှ တစ်ခါသာ ကြားရလေ့ရှိကြောင်း၊ သို့သော် ပြီးခဲ့သည့် အောက်တိုဘာလခန့်ကစပြီး ကလေးပျောက်ဆုံးမှု ဆက်တိုက်ကြားလာရကြောင်း မြို့ခံတို့က ပြောသည်။

မြို့ပေါ် ကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒီဇင်ဘာလအတွင်းမှာပင် ၇ ဦးထက်မနည်း ကလေးပျောက်ဆုံးမှုရှိနေကြောင်း အသက် ၆၀ ဝန်းကျင် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ကလေးပျောက်တဲ့ကိစ္စက အခုဆိုရင် မြို့ပေါ်မှာ ရတတ်မအေး ဖြစ်နေရတဲ့ကိစ္စပါ။ အခု ရက်ပိုင်းမှာတောင် ကလေး ၇ ယောက်လောက်ပျောက်နေတယ်။ အများစုက ပြန်မတွေ့သေးဘူးလို့ ပြောတယ်။ သိသလောက်က ပျောက်တဲ့ကလေးတွေအများစုက အသက် ၁၀ နှစ်အောက်တွေ ဖြစ်ကြတယ်။ သွေးရိုးသားရိုးတော့ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာက ဘယ်သူမှမသိဘူး” ဟု ၎င်းက ပြောသည်။

ကလေးပျောက်ဆုံးသည်အရေအတွက် စာရင်းအတိအကျ မသိရသော်လည်း နှစ်လ သုံးလအတွင်း အသက် ၁၀ နှစ်အောက် ကလေး ၁၀ ယောက်အထက် ပျောက်ဆုံးနေကြောင်း အများစု ပြန်မတွေ့သေးကြောင်းလည်း မြို့ခံတို့က ပြောသည်။

ကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် မြို့ခံများအကြား စိုးရိမ်ထိန့်လန့်မှု ဖြစ်နေကြပြီး ကလေးများကို ကျောင်းပင်မပို့ရဲကြတော့ဟု ဆိုသည်။

“အခုဆိုရင် ကလေးရှိတဲ့ မိဘတိုင်းက ကြောက်နေကြတာပေါ့လေ။ ကလေးတွေကို စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်နေတယ်။ ဘယ်နေ့ ကိုယ့်ကလေးပျောက်သွားမလဲပေါ့။ တစ်မြို့လုံးက စိုးရိမ်ထိန့်လန့်နေကြတယ်” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း ဘုရားသုံးဆူမြို့သို့ တရုတ်နိုင်ငံသားအများအပြား ရောက်ရှိလာပြီး လောင်းကစားလုပ်ငန်းများအပြင် ဒေသတွင်းက စီးပွားရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံသားများ ဝင်ရောက်လုပ်ကိုင်လာသည်ဟု မြို့ခံတို့က ပြောသည်။

“ဘုရားသုံးမြို့မှာ လူလည်းစုံတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း မျိုးစုံရှိတယ်။ အခုဆိုရင် တရုတ်နိုင်ငံသားတွေ ထောင်နဲ့ချီ ရောက်နေတယ်။ လောင်းကစားလုပ်တယ်။ အဲလိုအခြေအနေမှာ ဘုရားသုံးဆူက ပြဿနာပေါင်းစုံပါပဲ။ တလောကတောင် ကလေးနဲ့ မိသားစုဝင် သုံးဦး အသတ်ခံရတယ်။ ဘယ်သူမှလည်း အရေးမယူပေးဘူး။ လူမသိ သူမသိဖြစ်တာတွေလည်း အများကြီးပဲ။ ကိုယ်ထိ ကိုယ်ခံ။ အကုန်လုံးကို ကြောက်နေရတယ်” ဟု အခြားမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးများ တိုက်ခိုက်မီးရှို့ခံရပြီးနောက် မြို့ကို စစ်ကောင်စီ ထိန်းချုပ်နိုင်သည့်အနေအထား မရှိတော့ပေ။

လက်ရှိတွင် ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နယ်ခြားစောင့်တပ် DKBA၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အစရှိသည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ မွန်ပြည်သစ်ပါတီ NMSP တို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်တို့ လှုပ်ရှားနေသည်။