BREAKING
February 26, 2025

မြိတ်တွင် ဝန်ကြီးဟောင်းနေအိမ် ဗုံးပေါက်၊ မိသားစုဝင်တစ်ဦး ဒဏ်ရာရ

December 13, 2023

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တနင်္သာရီတိုင်း ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဦးသိန်းလွင်၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၁၂ ရက် ညဦးပိုင်းအချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန် ဝန်ကြီးဟောင်း ဦးသိန်းလွင်မှာ နေအိမ်တွင် မရှိကြောင်း မြို့ခံအချို့က ဆိုသည်။

“သူက (ဝန်ကြီးဟောင်းဦးသိန်းလွင်) အိမ်မှာမရှိတဲ့အချိန် (ဗုံး) ပေါက်တာ။ ခရီးသွားနေတယ်လို့ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

ဦးသိန်းလွင်၏ သမီးဖြစ်သူတွင်မူ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည့်အပြင် နေအိမ်၊ ကားတို့ ဗုံးစထိမှန်ပျက်စီးမှုရှိကြောင်း မြို့ခံအချို့က ဆိုသည်။

ဗုံးပေါက်သည့်နေရာသို့ စစ်ကောင်စီကတပ်က လာရောက်စစ်ဆေးခဲ့ပြီး သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့သည့်အပြင် နေအိမ်များကိုလည်း ရှာဖွေစစ်ဆေးခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင်လည်း မြိတ်မြို့နေရာအချို့တွင် စစ်ဆေးမှုများရှိနေဆဲဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။

ကြံ့ခိုင်ရေးပါတီဝင် ဦးသိန်းလွင်မှာ တနင်္သာရီတိုင်းအစိုးရအဖွဲ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။

၎င်းဝန်ကြီးဟောင်း၏ နေအိမ်ကို မည်သူတို့က ဗုံးဖောက်ခွဲခဲ့သည်ကိုမူ မသိရသေးပေ။