စစ်ကောင်စီတပ်ကားသုံးစီးကို ပုလောမြို့နယ် ၇ မိုင်အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး တပ် မြိတ်ခရိုင်တပ်ရင်း(၁)က ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ်ပြန်ထားသည်။
ပုလောမြို့ကနေ ပလောက်မြို့ဘက်ထွက်ခွာလာသည့် စစ်ကောင်စီကားသုံးစီးကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာရခဲ့ပြီး မနက် ၉ နာရီခန့်တွင် သစ်လှတောကျေးရွာအနီးတွင် ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ကားတစ်စီးပျက်စီးခဲ့သဖြင့် စစ်ကောင်စီတပ်က နေရာမှာပင်စွန့်ပစ်ခဲ့ပြီး ယင်းကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် လမ်းပေါ်ဖြတ်သွားသည့် အရပ်သားကားတစ်စီးကို တားဆီးယူဆောင်သွားသည်ဟု အထက်ပါအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။
သို့သော်ယင်းဖြစ်စဉ်ကြောင့် စစ်ကြောင်းထိုးခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများမရှိဟု ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည်။