BREAKING
December 26, 2024

မြန်မာထုတ် မူးယစ်ဆေးပြား သန်း ၅၀ကျော် ထိုင်းတွင်ဖမ်းမိ၊ အာရှတွင် ဒုတိယအများဆုံးဖမ်းမိမှုဖြစ်လာ

December 13, 2023

Photo - The Nation Thailand

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် စံချိန်တွင် အများဆုံးအရေအတွက်ဖြစ်သော မူးယစ်ဆေးပြား သန်း ၅၀ ကျော်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယင်းအရေအတွက်သည် ထိုင်းနိုင်ငံအတွက် စံချိန်တင်အများဆုံးဖြစ်ပြီး အာရှဒေသတွင်လည်း ဒုတိယအများဆုံးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ရွှေတြိဂံနယ်မြေ လာအိုနိုင်ငံဘက်တွင် မူးယစ်ဆေးပြား ၅၅ သန်းကျော် ဖမ်းဆီးရမိပြီးနောက် ယခုအရေအတွက်သည် အာရှဒေသတွင် ဒုတိယအများဆုံးဖြစ်လာကြောင်း ကုလသမဂ္ဂဘက်က ပြောသည်။

ယခုဖမ်းမိသည့် မူးယစ်ဆေးများမှာ ရှမ်းပြည်နယ်ဘက်တွင် ထုတ်လုပ်ခဲ့ပြီး အခြားနိုင်ငံများသို့ ခိုးသယ်ရန်အတွက် လက်နက်ကိုင်များနှင့် အာရှရာဇဝတ်ဂိုဏ်းများ ပူးပေါင်းနေကြကြောင်း မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး၏ အရှေ့တောင်အရှ ကိုယ်စားလှယ် Mr. Jeremy Douglas က REUTERS သတင်းဌာနသို့ ပြောဆိုထားသည်။

၆ ဘီးကားပေါ်တွင် မွှေရေအိတ်ကြီးများဖြင့် ထည့်ထားသော မူးယစ်ဆေးဝါးများကို ကန်ချနဘူရီခရိုင် ထို့ဖားဖမ်း ဒေသရှိ စစ်ဆေးရေးဂိတ်က ညနေ ၃ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ရေးသားထားသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ကားပေါ်ပါလာသော ထိုင်းနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုံတွဲတစ်တွဲကိုလည်း ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။

ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသော စုံတွဲ၏ နေအိမ်သို့ ရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးရာ နောက်ထပ် စုံတွဲတစ်တွဲကို တွေ့ရှိရပြီး အမျိုးသားဖြစ်သူတွင် မူးယစ်ဆေးသုံးစွဲထားသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ဖော်ပြထားသည်။

အဆိုပါအမျိုးသားသည် ဖမ်းဆီးခံထားရသော ကားမောင်းသမားကို မူးယစ်ဆေးပြားများ တင်ဆောင်ထားသော ၆ ဘီးတပ်ကားဆီသို့ ဆိုင်ကယ်မောင်းပို့ခဲ့ကြောင်း ဝန်ခံချက်ကို ဖော်ပြထားသည်။

ဘန်ကောက်မြို့အနီးတွင် မူးယစ်ဆေးပြားတစ်ပြားကို ဘန် ၃၀ ခန့် ဝန်းကျင် ဈေးပေါက်နေသဖြင့် ယခုသိမ်းဆည်းရမှုသည် တန်ဖိုး ဘတ် ၁ ဒသမ ၅ ဘီလီယံ ခန့် ရှိကြောင်း ချူလာလောင်ကွန်း တက္ကသိုလ်၏ ထုတ်ပြန်ချက်ကို ကိုးကားရေးသားထားသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများပြားလာနေသော်လည်း အာဏာပိုင်များ၏ ဖမ်းဆီးရရှိမှုသည် အရေအတွက် အနည်းငယ်သာရှိနေသဖြင့် အကျိုးသက်ရောက်မှု အားနည်းနေသေးကြောင်း ကုလသမဂ္ဂဘက်က ပြောကြားထားသည်။

Ref: The Nation Thailand, Bangkok Post