BREAKING
September 20, 2024

ကျိုက်မရော စစ်ရှောင်များ တစ်လကျော်ကြာလာသည်အထိ နေရပ်မပြန်နိုင်သေး

December 13, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ တစ်လကျော် ကြာလာ သည်အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်များကို အကူအညီပေးနေသူတို့ထံမှ သိရသည်။

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်တို့ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ဒေသတွင်း တိုက်ပွဲ ပြင်းထန် လာခဲ့သည်။

ဒီဇင်ဘာလဆန်းပိုင်းအထိ စစ်ရေးတင်းမာနေသည့်အပြင် ကျေးရွာတို့တွင် စစ်ကောင်စီ တပ်ဘက်က စခန်းချနေထိုင်နေသည် ရှိသလို KNLAပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ကျေးရွာအနီးတွင် လှုပ်ရှားသွားလာနေသည့်အတွက် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း ဒေသခံတို့က ပြောသည်။

“နှစ်ဖက်စလုံးက (စစ်တပ်၊ KNLA ပူးပေါင်းတပ်ဖွဲ့) ရွာနီးနားတဝိုက်မှာပဲ ရှိနေတော့ တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်တယ်။ ပြန်သွားမှ တိုက်ပွဲထဖြစ်လာရင် ပြေးမမီမှာစိုးလို့ မပြန်ရဲသေးတာ။ ပြန်ချင်တာပေါ့ ကိုယ့်အိမ်ကို အကုန်လုံးကို ထားခဲ့ပြီး ပြေးလာရတာ” ဟု ကျိုက်မရော ပျားတောင်ဒေသမှ စစ်ရှောင်တစ်ဦးက ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ဒေသတွင်းက အသွားအလာ ပိတ်ထားသလို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ဖြတ်သန်း သွားလာခွင့် ပိတ်ထားသည့်အတွက် ဒေသခံများ နေရပ်ပြန်ရေး ပိုပြီးခက်ခဲစေကြောင်း ဒေသခံတို့က ဆိုသည်။

ဒေသခံများသည် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့ပေါ်ဘက်သို့ ပြောင်းရွှေ့သွားကြသည်ရှိသလို အချို့ကလည်း ကျိုက်မရောမြို့နယ်အတွင်းက နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေများနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် တိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ရွာအဝင်မှာ စစ်တပ်တွေ ရှိတယ်။ ရွာထဲမှာ လူအသွားအလာ တစ်ယောက်စ နှစ်ယောက်စပဲရှိတယ်။ ခြောက်ကပ် တိတ်ဆိတ်နေတာပဲ။ မပြန်ရဲကြသေးဘူး။ အကုန်လုံးက ထိတ်လန့်နေကြတယ်” ဟု ကော့ပနောဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များကို အနယ်နယ်အရပ်က အလှူရှင်များနှင့် ဆရာတော်တို့က ကူညီထောက်ပံ့ပေးနေပြီး ရက်ကြာလာသည့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်မှုများ ရှိလာကြောင်း စစ်ဘေးရှောင်တို့ထံမှ သိရသည်။

“အဓိကက ကျန်းမာရေးစောင့်ရှောင်မှုတွေမှာ လိုအပ်ချက်တွေ ရှိတယ်။ မွန်ပြည်သစ်ပါတီကနေ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်” ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

တိုက်ပွဲနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ မယ်တရို၊ ကော့ဒွန်း၊ ကော့ပနေ၊ ချောင်းနှစ်ခွ၊ တောင်ကလေး၊ လှကဇိုင်း၊ ပေါလောကုန်း အစရှိသည့် ကျေးရွာ ၂၀ ရွာထက် မနည်းက ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကျိုက်မရော တိုက်ပွဲတွင် ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူလည်း ၁၀ ဦးထက်မနည်းရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းအပြင် လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ်မီးလောင်၊ ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။