လောင်းလုံးမြို့အနီး သဗျာ၊ အင်းဇောက် စသည့်ကျေးရွာတို့အနီးတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအချို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ ဒေသခံသုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက သဗျာ၊ အင်းဇောက်ကျေးရွာများရှိ မိန်းလမ်းမပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
မည်သည့်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များရောက်ရှိနေသည်ကို မသိသော်လည်း ပစ်ခတ်သံများ၊ လက်နက်ကြီးအသံတို့ကိုမူ ကြားရသည်ဟု ဆိုသည်။
နောက်တစ်ရက် ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင်မူ အဆိုပါကျေးရွာနှစ်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့များ ရုတ်တရက် ရောက်လာပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးကြောင်း ဒေသခံတို့ကဆိုသည်။
ယနေ့ နံနက် ၃ နာရီဝန်းကျင်တွင် အင်းဇောက်ရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထို့နောက် ဘုန်းတော်ကြီးကျောင်းတွင် အိပ်နေသည့် ရွာသားများကို စစ်ဆေးမေးမြန်းပြီး ရွာသားများထံမှ ဖုန်းအပါအဝင် ငွေသားအချို့ကို ယူဆောင်သွားသည့်အပြင် အင်းဇောက်ရွာသား ကိုချစ်စန်းမောင်အပါအဝင် အမျိုးသားသုံးဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်အခြေအနေကြောင့် နေအိမ်တွင် မနေရဲတော့ဘဲ ဘုန်းကြီးကျောင်းတွင် ညအိပ်နေကြခြင်းဖြစ်သည်ဟုဆိုသည်။
“မနေ့ကတည်းက အခြေအနေမကောင်းဘူး။ ရွာသားတွေက အိမ်မှာ မအိပ်ရဲလို့ ဘုန်းကြီးကျောင်းမှာ တက်အိပ်ကြတာ။ အဲဒီမှာပါသွားတာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းနောက် ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သည် အင်းဇောက်ရွာသို့ ရှောင်တခင်ဝင်ရောက်လာပြီး ဒေသခံများကို စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် အင်းဇောက်ရွာသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အင်းဇောက်ရွာနှင့် သဗျာကြားရှိ မဲမော်ရွာတွင်လည်း နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ နံနက် ၇ နာရီခန့်တွင် အနောက်သဗျာရွာဘက်သို့ ထွက်ခွာသွားပြီး လမ်းတွင်ထောင်ထားသည့် မိုင်းများကို စစ်ကောင်စီတပ်က ရှင်းလင်းဖောက်ခွဲလိုက်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့ မိုင်းရှင်းနေချိန် ကျွန်တော်တို့ကို ပေးမဖြတ်ဘူး၊ တားထားတယ်။ ကျွန်တော်တို့ အရှေ့မှာပဲ မိုင်းသုံးလုံး ရှင်းလင်း ဖောက်ခွဲလိုက်တာ ဝါယာကြိုးတွေ မြင်ရတယ်၊ သူတို့မိုင်းရှင်းတဲ့နေရာမှာ” ဟု ၎င်းဒေသခံက ပြောဆိုသည်။
ယင်းနောက်အဆိုပါ စစ်ကောင်စီတပ်သည် မိုင်းရှင်းလင်းနေစဉ်အတွင်း တားဆီးထားသည့် ဒေသခံများကို စစ်ဆေးပြီး လောင်းလုံးမြို့အတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံအချို့က ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းဇောက်ရွာသားသုံးဦးမှာ ယနေ့ မွန်းလွဲပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး ကြောင်း ဒေသခံများက ဆိုသည်။