BREAKING
November 22, 2024

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၀)

December 13, 2022

ပင်လယ်ပြင်အတွင်းတွေ့ရတဲ့ ABSDF တပ်စုတခု

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၉)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၄၀-

(၁) မင်းသမီးစခန်းမှ ထပ်စကဲဒေသသို့

ပူးတွဲပင်လယ်ပြင်အဖွဲ့အတွက် ဗလဖ-ကိုယ်စား တာဝန်ပေးခြင်း ခံရသူတွေကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် ဗဟိုကော်မီတီဝင် ကိုဝေလင်းဇင်၊ အဖွဲ့ဝင်တွေအဖြစ် ၂၀၁-က ကျနော်နဲ့ ၁၀၁-က ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။

ကျနော်တို့ ၃-ဦးဟာ မင်းသမီးကနေ ကန်ချနပူရီ၊ ဘန်ကောက်၊ ပရာကျွတ်ကတဆင့် ပင်လယ်ကမ်းခြေမြို့လေးတခုဖြစ်တဲ့ ထပ်စကဲမြို့ဆီ ရောက်လာပါတယ်။ အဲဒီမြို့ရှိ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ရုံးမှာ ခေတ္တတည်းပြီး နောက်တရက်မှာတော့ ထပ်စကဲမြို့နဲ့ မြန်မာနိုင်ငံ မြိတ်ခရိုင်နယ်စပ်ရှိ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ဌာနချုပ်ရုံးရှိရာ “ဟွေးဖတ်စခန်း” ဆီရောက်လာပါတယ်။

အချိန်ကာလအားဖြင့် ၁၉၉၃ စက်တင်ဘာနှောင်းပိုင်း သို့မဟုတ် အောက်တိုဘာလ အစောပိုင်းလို့ ထင်ပါတယ်။ ထပ်စကဲမြို့အစွန် ထိုင်းရွာတွေကနေ မြေနီလမ်းအတိုင်း တောင်ပေါ်ကိုတက်လာရတဲ့ ကားလမ်းဟာ မိုးရွာထားတဲ့အတွက် ချောနေပြီး ဖိုးဝှီးကားနဲ့တောင် မနည်းကြိုးစား တက်ခဲ့ရပါတယ်။

တောင်ထိပ်ရောက်တဲ့ အခါမှာတော့ KNU မြိတ်-ထားဝယ်ခရိုင် ရုံးနီးပါး သားသားနားနား ဆောက်လုပ်ထားတဲ့ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ရုံးနဲ့ တခြားအဆောက်ဦတွေကို တွေ့ရပါတယ်။ ခရိုင်ရုံးဘေးက စည်းရုံးရေးမှူးတဦးရဲ့ နေအိမ်မှာ ကျနော်တို့စခန်းချပြီး နောက်တရက်မှာကျင်းပမယ့် ဆွေးနွေးပွဲအတွက် ကြိုတင်ပြင် ဆင်မှုတွေလုပ်ခဲ့ပါတယ်။

မူလအစီစဉ်တိုင်းဆိုရင် ကျနော်တို့ ABSDF ဗဟို ၂-ဖွဲ့ရယ်၊ မွန်ပြည်သစ် ပါတီ-မြိတ်ခရိုင်ရယ်၊ ဗကပ မြိတ်-ခရိုင်ရယ် ပေါင်းပြီး ၄ ဖွဲ့ပါတဲ့ ပင်လယ်ပြင် ပူးတွဲစစ်ကြောင်း လုပ်ဖို့ပါ။ ဒါပေမယ့် ဘာတွေ အဆင်မပြေဖြစ်ခဲ့သလဲတော့ မသိပါ။ ကျနော်တို့ ဟွေးဖတ်ကို ရောက်တဲ့ ရက်မှာပဲ အထွေထွေအတွင်းရေးမှုး ဆလိုင်းကိုကိုဦး အပါအဝင် ကိုမိုးသီးဇွန်တို့ဗဟိုက ကိုယ်စားလှယ်အဖွဲ့တခုလုံး ဟွေးဖတ်ကနေ ထွက်သွားတာကို ကျနော်ကားပေါ်ကနေမြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပူးတွဲပင်လယ်ပြင် ရန်ပုံငွေရှာဖွေရေးအဖွဲ့ဟာ ၃-ဖွဲ့တည်းနဲ့ ဆက်လက် ခရီးနှင်ခဲ့ရပါတယ်။

ဒီအဖွဲမှာပါဝင်သူတွေကတော့ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်က ခရိုင်တပ်မှူး ဗိုလ်မှုးဝင်းအောင် (ကွယ်လွန်)၊ ခရိုင်ကော်မီတီ နိုင်ကလင်ထန်နဲ့ နိုင်သိန်းတင်၊ ဗကပ-မြိတ်ခရိုင်က ခရိုင်တပ်မှူး ဗိုလ်မှုး စိုးလွင် (ကွယ်လွန်)၊ သူ့သမက်လည်းဖြစ်၊ တပ်မှုးတဦးလည်းဖြစ်တဲ့ ကိုဖေကြည် (ပြည်တွင်း ပြန်ဝင်) နဲ့ ကိုအေးထွန်း (ပြည်တွင်း ပြန်ဝင်)၊ ကျနော်တို့ ABSDF က ကိုဝေလင်းဇင် ၊ ကိုသန်းနိုင် (အခု အမေရိကန်) နဲ့ ကျနော်တို့ ပါဝင်တဲ့ ၉-ဦးကော်မတီဖြစ်ပါတယ်။

———————-

ကမ်းရိုးတန်းဒေသမှာတွေ့ရတဲ့ ABSDF တပ်စုတခု

(၂) “ထောင်ကဲ” များရဲ့ အကြံပြုချက်

ကျနော်မှတ်မိသလောက်ကတော့ ပင်လယ်ပြင်ပူး-ပူးတွဲစစ်ကြောင်းရဲ့အမိန့်အရ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းမယ့် ထိုင်းလှေတွေအားလုံး ကျနော်တို့ကော်မတီမှာ အခွန်လာဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအခွန်ဆောင်ထားတဲ့ လက်မှတ်ရှိ-မရှိကို ပင်လယ်ပြင်ထဲရှိ ကျနော် တို့တပ်တွေက စစ်ဆေးမှာဖြစ်ပြီး မရှိတဲ့လှေကို ဖမ်းဆီးကာ ၃၊ ၄ ဆမက ထပ်မံဒဏ်တပ်မှာ ဖြစ်ပါတယ်။

အခွန်ကောက်ခံတဲ့ နှုန်းထားတွေကတော့ လှေအမျိုးအစား၊ အရွယ်အစား၊ ရေခဲတုံးအရေတွက်ပေါ် မူတည် ကွဲပြားခြားနားပြီး အနည်းဆုံး လှေတစီးကို ဘတ် ၅၀၀၀-ကနေ ၃-သောင်းလောက်အထိ ရှိပါတယ်။ ရေခဲတုံး ၁၀၀-ကျော်ပါတဲ့ ဝါလတ်လှေဆိုရင် ဘယ်လောက်၊ ဝါတန်းလှေက ဘယ်လို၊ ကင်းမွန်မီးထွန်းလှေက ဘယ်ပုံ စသဖြင့် အတိအကျသတ်မှတ်ထားပါတယ်။

ဒီလိုသတ်မှတ်ပြီးတာနဲ့ ကြေညာချက်ထုတ်ပြီး ရနောင်းက ငါးဖမ်းလှေပိုင်ရှင်တွေ၊ လှေကိုယ်စားလှယ်တွေနဲ့ ပင်လယ်ပြင်ထဲက ကျနော်တို့တပ်တွေ အားလုံးဆီ ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီလို ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရနောင်းရှိ ထိုင်းငါးဖမ်းလှေကိုယ်စားလှယ်တွေ ထပ်စကဲမြို့ဆီ ရောက်လာပြီး ကျနော်တို့ ပူးတွဲကော်မတီ ယာယီရုံးထိုင်တဲ့ မွန်ပြည်သစ်ပါတီ ထပ်စကဲရုံးဆီ အခွန်လာဆောင်ကြပါတယ်။

ထိုင်းလှေပိုင်ရှင်တွေ၊ လှေကိုယ်စားလှယ်တွေ ဆိုပေမယ့် ဒီလူတွေအားလုံးဟာ မြန်မာစကား ကောင်းကောင်းပြောတတ်ပြီး ရနောင်းမှာ အနေကြာလို့ ထိုင်းနိုင်ငံသားဖြစ်သွားတဲ့ တနင်္သာရီတိုင်းသားတွေသာ ဖြစ်ပါတယ်။

သူတို့စကားပြောတဲ့လေသံဟာ မြိတ်လေသံပေါက်နေပြီး ထားဝယ်လေသံပေါက်တဲ့ကျနော့်ကို အတော်လေး ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်။ သူတို့အဓိကပြောတဲ့အထဲမှာ အခွန်နှုန်းထား လျှော့ပေးဖို့၊ လှေတစီးမက ပိုင်ဆိုင်သူတွေကို အထူးနှုန်းနဲ့လျှော့ပေးဖို့၊ ပိုင်ရှင်တဦးတည်းဆိုရင် လက်မှတ်တစောင်တည်းနဲ့ လှေ ၃၊ ၄ စီး သုံးခွင့်ပေးဖို့ စသဖြင့်ပါဝင်ပါတယ်။

ဒီလို ငွေကြေးကိစ္စအပြင် ထူးထူးခြားခြား ကျနော်မှတ်မိနေတဲ့ ကိစ္စတခုကတော့ တော်လှန်ရေးတပ်တွေရဲ့ ညီညွတ်မှုကို ဝေဖန်မှု၊ ဒါမှမဟုတ် သူတို့အခွန်ပေးရ သက်သာအောင် အကြံပေးတာလို့လည်း ပြောနိုင်တဲ့ ဝေဖန်မှုတခု ဖြစ်ပါတယ်။

“ခင်ဗျားတို့ ပူးတွဲအဖွဲ့မှာ တော်လှန်ရေးတပ်တွေ အားလုံးပါရင် ပိုကောင်းတာပေါ့။ အခုဟာက ဘယ်နှယ်မျိုးကြီးလဲ” လို့ အဲဒီပုဂ္ဂိုလ်တွေက တီးတိုးပြောပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့ ပူးတွဲအဖွဲ့မှာ တော်လှန်ရေးတပ်တွေ အားလုံးပါမယ်ဆိုရင် ကျနော်တို့ရုံးမှာ အခွန်လာဆောင်လိုက်တာနဲ့ ပင်လယ်ပြင်ထဲမှာ အားလုံး -OK- သွားမယ်ဆိုတဲ့ သဘောပါ။

ဒါပေမယ့် အခုက အားလုံးတစုတည်း မလုပ်နိုင်သေးတဲ့အတွက် ကျနော်တို့ဆီမှာ အခွန်ဆောင်လိုက်ရုံနဲ့ ကိစ္စကမပြီးသေး။ ကိုမိုးသီးဇွန်တို့တပ်တွေ၊ KNU တပ်တွေ၊ ရခိုင်တပ်တွေ၊ တခြားတပ်တွေနဲ့တွေ့ရင် တွေ့တဲ့အဖွဲ့တိုင်းကို သူတို့အခွန်ထပ်ဆောင်ကြရဦးမှာပါ။

အဲဒီကာလကတော့ ကိုယ်က အခွန်ကောက်တဲ့အရာရှိဘဝဆိုတော့ သူတို့ဘက်က တင်ပြချက်ကို သိပ်အလေးမထားခဲ့ပါဘူး။ ဒါပေမယ့် အခုချိန် ပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ ဦးတည်ချက်တူပါတယ်ဆိုတဲ့ တော်လှန်ရေးတပ်တွေ တဖွဲ့တည်းပေါင်းပြီး မလုပ်နိုင်တာ ဘာကြောင့်လဲ။ သဘောတရားထက် အကျိုးစီးပွားကို ပိုဦးစားပေးခဲ့မိလို့လား။ “တူတာတွဲလုပ်။ မတူတာခွဲလုပ်” ဆိုတဲ့ တပ်ပေါင်းစုမူတောင် အဓိပ္ပာယ်တမျိုး ထွက်ခဲ့လေသလားလို့ စဉ်းစားနေမိပါတယ်။

လှေသူဌေး “ထောင်ကဲ” တွေဘက်ကို ပြန်လှည့်ရမယ်ဆိုရင်တော့ မည်သို့ပင်ဆိုစေကာမူ လောလောဆယ် ပင်လယ်ပြင်မှာ ငါးဖမ်းနိုင်ဖို့၊ အမြတ်အစွန်းများစွာရမယ့် ငါးဖမ်းလုပ်ငန်းစီမံကိန်းကို မစွန့်လွှတ်နိုင်သေးတော့ ကျနော်တို့ဆီမှာ အခွန်ဆောင်ရတဲ့အလုပ်ကို သူတို့ပျက်ကွက်လို့မဖြစ်။

ဒီလိုနဲ့ ကားတစီးပြီးတစီး အဆက်မပြတ် ကျနော်တို့ရုံးမှာ အခွန်လာဆောင်နေကြပါတယ်။ နောက်ပိုင်းမှာတော့ ငွေသားတွေကို သိန်းနဲ့ချီပြီး ရနောင်းကနေ ထပ်စကဲအထိ သယ်လာရတာ လုံခြုံရေးစိတ်မချလို့ဆိုပြီး ငွေကို ဘဏ်နဲ့အရင်လွှဲပြီးမှ ကျနော်တို့ရုံးမှာ လက်မှတ်လာယူကြတာကို တွေ့ရပါတယ်။

——————

ABSDF- တောင်ပိုင်း-ဗလဖ- (ဗဟိုအလုပ်အဖွဲ့) အစည်းအဝေးတခု မင်းသမီးခစန်းမှာ ကျင်းပနေစဉ်။

(၃) ဟွေးဖတ်စခန်းမှ ချုံချီစခန်းဆီသို့

သူတို့ဘက်က ငွေသယ်ရတဲ့အပေါ် လုံခြုံရေးစိတ်မချသလို ကျနော်တို့ဘက်ကလည်း ထိုင်းနယ်မြေထဲမှာနေပြီး ထိုင်းတွေကို အခွန်ကောက်နေတဲ့အပေါ် စိတ်မချဖြစ်လာတဲ့အတွက် ထပ်စကဲကနေ မွန်ပြည်သစ်ပါတီ-မြိတ်ခရိုင် စီးပွားရေးဌာနရှိရာ “ချုံချီစခန်း” ဆီ ရုံးခန်းပြောင်းလိုက်ပါတယ်။

ချုံချီစခန်းဟာ ဟွေးဖတ်စခန်းရဲ့ အောက်ဖက် ကီလိုမီတာ ၆၀၊ ၇၀ ခန့်အကွာမှာ ရှိတယ်လို့ခန့်မှန်းရပြီး ထပ်စကဲနဲ့ ဘန်းစဖန်မြို့  ၂-ခုကြား အဝေးပြေးကားလမ်းနဲ့ မိနစ် ၃၀ ခန့် ကားမောင်းလိုက်ရုံနဲ့ရောက်နိုင်တဲ့ ဆက်သွယ်ရေး အလွယ်ကူဆုံးနေရာဖြစ်ပါတယ်။

ကားမရှိတဲ့ ကျနော်တို့ကျောင်းသားတွေလည်း အငှားဆိုင်ကယ်ကို လွယ်ကူစွာ စီးနိုပါတယ်။ ဘန်ကောက်-ဖူးခက် အဝေးပြေးကားလမ်းဘေးကနေ ချုံချီစခန်းအထိ ဆိုင်ကယ်တခေါက်မှ ဘတ် ၅၀-ပဲပေးရပါတယ်။

ချုံချီစခန်း တောင်ထိပ်တည့်တည့် ထိုင်းဖက်ကမ်းမှာ ထိုင်း တောချတော (နယ်ခြားစောင့်တပ်) ဂိတ်တခုရှိပါတယ်။ အဲဒီဂိတ်ကိုကျော်ပြီး ၅-မိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ မွန်ပြည်သစ်ပါတီ စီးပွားရေးဌာနရဲ့ ပရိဘောဂ ထုတ်လုပ်ရေးရုံးခန်းကို ရောက်ပါတယ်။ အဲဒီမှာ အဓိကထုတ်လုပ်နေတဲ့ ပစ္စည်းတွေကတော့ တောပိတောက်သားတွေနဲ့ (တချို့ကတော့ မဟော်ဂနီလို့ခေါ်ပါတယ်) လုပ်ထားတဲ့ ကုလားထိုင်မျိုစုံနဲ့ စားပွဲတွေဖြစ်ပါတယ်။

ဒီရုံးဟာလည်း ရှေ့မှာတင်ပြခဲ့တဲ့ ထီးခီးက KNU ခရိုင်ရုံးနီးပါး ကျယ်ဝန်ပြီး သစ်မာတွေနဲ့ အခိုင်အမာဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီရုံးမှာ ကျနော်တို့အုပ်စု တပတ်လောက်တည်းပြီးတဲ့ အခါမှာတော့ ကျနော်တို့ ပင်လယ်ပြင်စစ်ကြောင်းအတွက် သီးခြား ရုံးခန်းတခုကို ဒီရုံးနဲ့ ၁၀-မိနစ်လောက် လမ်းလျှောက်ရတဲ့ မွန်ပြည်သစ်ပါတီ ချုံချီဒေသ တပ်ခွဲရုံးနဲ့မျက်နှာချင်းဆိုင် အခြား တောင်ထိပ်လေးတခုမှာ ဆောက်ခွင့်ရခဲ့ပါတယ်။

အဲဒီကာလ ချုံချီဒေသတပ်ခွဲမှူးကတော့ ဗိုလ်ညဏ်ထွန်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ဗိုလ်အောင်မိန် တာဝန်ယူတယ်လို့ ကျနော် အမှတ်ရနေပါတယ်။ တပ်ခွဲရုံးနဲ့ မျက်နှာချင်းဆိုင်ရှိ ကျနော်တို့ရုံးဟာ ထိုင်းစီးပွားရေးသမားတွေနဲ့ ဆက်ဆံရမှာမို့ စားပွဲ၊ ကုလားထိုင်တွေနဲ့ အသေချာပြင်ထားတဲ့အပြင် စားဖိုဆောင်တခု၊ မီးစက်တလုံးပါ ပါဝင်တဲ့အတွက် တော်လှန်ရေးကာလ တောတွင်းရုံးခန်းတွေထဲမှာတော့ အသားနားဆုံးရုံးခန်းတခုလို့ ပြောနိုင်မယ် ထင်ပါတယ်။

…………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၁) >>>>>

ထက်အောင်ကျော်