BREAKING
December 23, 2024

ထားဝယ်ထောင်တွင် အစားအသောက်ကျွေးသည့်ပမာဏ လျော့နည်းလာ

November 13, 2024

ဓာတ်ပုံ - Dawei Watch

ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသူ/အကျဉ်းသားများကိုကျွေးသည့် အစားအသောက် ပမာဏထပ်မံလျော့နည်းလာသည်ဟု နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များနှင့် အကျဉ်းထောင်အသိုင်းအဝိုင်း ထံမှသိရသည်။

နံနက်ပိုင်းတွင် ဆန်ပြုတ် သို့မဟုတ် ထမင်းကြော်၊ နေ့လယ်ပိုင်းတွင် ပဲဟင်းနှင့် ထမင်းဖြူကျွေးပြီး ညနေပိုင်းတွင် ကြက်သား၊ ငါးနှင့် ကြက်ဥကို အလှည့်ကျ တစ်နေ့ သုံးနပ်ချက်ကျွေးသည်ဟု ၎င်းတို့က ပြောသည်။

ညနေတစ်နပ်စာအတွက် ကြက်သား လက်လေးသစ်အရွယ်တစ်တုံးနှင့် ငါးဟင်းလက်လေးသစ်အရွယ် တစ်တုံးကို တစ်ပတ်သုံးရက်ကျွေးပြီး နောက်တစ်ရက်တွင် ကြက်ဥနှစ်လုံးကျွေးကြောင်း၊ အသားဟင်းသုံးရက်၊ ကြက်ဥတစ်ရက်ဖြင့် တစ်ပတ်လျှင် ၄ ရက်ကျွေးပြီး ကျန် ၃ ရက်တွင် အသီးအရွက်နှင့် အရည်သောက်ဟင်းတစ်မျိုးမျိုးသာ ကျွေးမွေးသည်ဟု ၎င်းတို့ကဆိုသည်။

ယခုနောက်ပိုင်းတွင် ကြက်သားဟင်းနှင့် ငါးဟင်းမှာ အတုံးအရွယ်အစားငယ်လာပြီး ကြက်ဥနေ့တွင်လည်း တစ်လုံးသာ ပေးတော့သဖြင့် ပြဿနာဖြစ်ပွားခဲ့သေးကြောင်း ၎င်းတို့ထံမှသိရသည်။

ယခင်က ညနေတစ်နပ်စာ ကြက်ဥနေ့တွင် သုံးလုံးကျွေးပြီး ၂၀၂၂ ခုနှစ်လယ်ပိုင်းတွင် ကြက်ဥနှစ်လုံးသာ ကျွေးတော့ကြောင်း ယခုလ (နိုဝင်ဘာ)တွင် ညနေတစ်နပ်စာအတွက် ကြက်ဥတစ်လုံးသာ ပေးသဖြင့် အကျဉ်းသားများက လက်မခံဘဲ ငြင်းဆန်ခဲ့ကြသည်ဟု ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“အစားအသောက်တွေက အရမ်းကို ပဲဟင်းဆိုလည်း ပဲဟင်းအရည်ကြဲ၊ အသားကလည်း အင်္ဂါနေ့ဆို ငါးသေးသေးတစ်တုံးကျွေးတယ်ကွာ၊ အသားဆိုတာ နာမည်မျှပဲ သေးသေးလေးတွေပေါ့။ ဟိုနေ့က ထောင်ပိုင်ကပြောတယ်တဲ့ ကြက်သားတစ်ရက်ကျွေးတာ သူ ၆ သိန်းကျော် ၇ သိန်းလောက် စိုက်လိုက်ရတယ်ပေါ့။ ဒါကြောင့် ဒီတစ်နေ့ ကြက်ဥတစ်လုံးပဲကျွေးတာလို့ပြောတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

ကြက်ဥကျွေးရမည့်နေ့တွင် တစ်လုံးသာလာပေးသဖြင့် အကျဉ်းသားများက လက်မခံဘဲ ဆန္ဒပြကြ၍ နောက်ရက်တွင် အစားတစ်လုံးထပ်လာပေးကြောင်း ၎င်းကဆိုသည်။

“စားစရာတွေပေးတာ နည်းတယ်တဲ့၊ အစတုန်းကဆို အသားဟင်းငါးဟင်းက တစ်ပတ်မှာသုံးရက်စားရတယ်၊ အခုတစ်ပတ်ကို နှစ်ရက်ပဲစားရတယ်တဲ့၊ ကျန်နေ့တွေမှာ ပဲဟင်းနဲ့ အချည်ရည်ဟင်းနဲ့ပဲ စားရတယ်တဲ့” ဟု ထားဝယ်မြို့ပေါ်ရပ်ကွက်နေ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဇနီးသည်က ပြောသည်။

ယင်းကြောင့် ယခင်က တစ်လကို ထောင်ဝင်စာ တစ်ကြိမ်သာပို့ပေးနေရာမှ ယခုတစ်လကို ထောင်ဝင်စာ နှစ်ကြိမ်ပေးပို့လာရသည်ဟု ၎င်းက ဆိုသည်။

၁၅ ရက်တစ်ပတ်စာ စားသောက်စရာ ဟင်း၊ အကြော်အလှော်နှင့် အသုံးစရိတ်အတွက် ကျပ်တစ်သိန်းခွဲခန့်ကုန်ကျပြီး တလစာအတွက် ကျပ်သုံးသိန်းအထိ ကုန်ကျလာသည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

“အစတုန်းကဆို ကျွန်မတို့အိမ်ကလူက မတောင်းဆိုတတ်ဘူး။ အခုဆို သူလည်းတောင်းဆိုလာတယ်၊ တစ်လနှစ်ခါပို့ဖို့ နည်းနည်းလုပ်ပေးပါတဲ့၊ စားစရာတွေကနည်းလာတယ်တဲ့၊ ထမင်းတောင် အရင်တုန်းကဆိုရင် လိုရင်ထပ်ယူရတယ်၊ အခုဆို ပုံစံနဲ့ဖြစ်လာတယ်တဲ့၊ အခုဆိုကုန်ဈေးနှုန်းတွေလည်းကြီး၊ ကျွန်မမှာလည်း ကျွန်မတစ်ယောက်ပဲလေ လုပ်စားနေရတာ၊ လုပ်စားသမား(အိမ်ထောင်ဦးစီး)က အထဲမှာဆိုတော့ ပိုဆိုး”ဟု ၎င်းက ဆိုသည်။

အကျဉ်းထောင်ထဲတွင် အကျဉ်းသူ၊ အကျဉ်းသားများ များလာပြီး အစားအစာမလုံလောက်မှု၊ သောက်သုံးရေ၊ ချိုးရေမလုံလောက်မှု၊ ဆေးဝါးမလုံလောက်မှုများ ဖြစ်ပေါ်နေသည်ဟု နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် အကျဉ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။

ချိုးရေနှင့် သုံးရေမလုံလောက်မှုကြောင့် ပွေး၊ ဝဲယားနာများအဖြစ်များနေပြီး ရာသီအကူးအပြောင်းကာလတွင် နှာစေး၊ ချောင်းဆိုး ဖျားနာသူလည်းများနေသည်ဟု နိုင်ငံရေးအကျဉ်းသား၏ ဇနီးသည်တစ်ဦးက ဆိုသည်။

အထက်ပါရောဂါများအတွက် ဆေးဝါးမရှိသဖြင့် အိမ်က ဆေးဝါးကျပ်သုံးသောင်းကျော်ဖိုး ဝယ်ထည့်ပေးလိုက်ရသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသားများရသင့်ရထိုက်သည့် အခြေခံအခွင့်အရေးများ ဆုံးရှုံးနေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မိသားစုဝင်များက ဆိုသည်။

“အကျဉ်းသားအခွင့်အရေး အပြည့်အဝရစေချင်တယ်ပေါ့ဗျာ၊ သူတို့လည်းလူသား တစ်ယောက်ပဲဟာကို၊ အခုလိုလုပ်တာတော့ ကျွန်တော်တို့အတွက် အဆင်မပြေဘူးပေါ့။ စိတ်ပူနေရတဲ့ အနေအထားတစ်ရပ်မှာရှိနေတယ်” ဟု ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးဆပ်ကော်မတီ တာဝန်ခံ ကိုမောင်တူးက ပြောသည်။

အထက်ပါအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းရန် ထားဝယ်အကျဉ်းထောင်က တာဝန်ရှိသူ ထောင်ပိုင်ကို Dawei Watch က နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဆက်သွယ်မေးမြန်းရာ ထောင်ပိုင်အပြင်သွားသည်ဟုဆိုသဖြင့် မေးမြန်းခွင့်မရသေးပေ။