BREAKING
December 22, 2024

တနင်္သာရီစစ်ရှောင်များအတွက် ဆေးဝါး၊ အနွေးအထည်နှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများ အရေးပေါ်လိုအပ်

November 13, 2024

ဓာတ်ပုံ - တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့

ပဋိပက္ခနှင့် စစ်ရေးပြင်းထန်နေသည့် တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါး၊ အနွေးအထည်နှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီရေးအဖွဲ့များထံမှ သိရသည်။

မိုးအကုန်၊ဆောင်းအကူး ကာလဖြစ်သဖြင့် ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေပြီး ဓာတ်ဆားနှင့် ဆေးဝါးပစ္စည်းများ လိုအပ်ချက် မြင့်မားနေကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင် ကူညီရေးအဖွဲ့ထံမှ သိရသည်။

ရာသီအေးချမ်းမှုကြောင့် အနွေးအထည်များ လိုအပ်နေသကဲ့သို့ တုပ်ကွေးနှင့် ဝမ်းပျက်သမားများအတွက် အစားအသောက်များလည်း လိုအပ်နေကြောင်း အဖွဲ့တာဝန်ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အဓိကကတော့ အစားအစာ၊ ဆေးဝါးပေါ့။ ရာသီအကူးအပြောင်းကာလမှာ ဝမ်းသွားနေကြလို့ ကျန်းမာရေးဗဟုသုတတွေလည်း ပေးနေရတယ်။ ပြည့်စုံတဲ့ ဆေးကုသခွင့်တွေလည်း လိုအပ်နေတာပေါ့။ ကျန်းမာရေးကောင်းအောင်လည်း အာဟာရရှိတဲ့ အစားအစာတွေလည်း လိုအပ်နေတာပေါ့ကွယ်။ ပြီးတော့ သန့်ရှင်းတဲ့ အဝတ်အစားအနွေးထည်တွေ လိုအပ်တယ်ပေါ့နော်” ဟု နွေဦးမေတ္တာအဖွဲ့မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

မိုးရာသီမှ ဆောင်းရာသီသို့ ရာသီအပြောင်းတွင်လည်း သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါများ ဆက်ဖြစ်လေ့ရှိကြသဖြင့် ဆေးဝါးအထောက်အပံ့များ ပိုမိုလိုအပ်နေကြောင်း ၎င်းက ဆိုသည်။

အရေးပေါ်အခြေအနေအတွက် ဆေးဝါးများ စုဆောင်းထားသော်လည်း လူနာအရေအတွက် ပိုမိုများပြားလာနေသဖြင့် ဆေးဝါးလုံလောက်မှု မရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။

အထူးသဖြင့် ဝမ်းသွားသော လူနာများအတွက် အရေးပေါ် အိမ်တွင်း ဓာတ်ဆားဖျော်နည်းများကို ပညာပေး၍ ကိုယ်တိုင်ကုသနည်းများဖြင့် ကုသပေးနေကြကြောင်း အဖွဲ့ထံမှ သိရသည်။

မြို့နယ်အတွင်း ကုန်ဈေးနှုန်း မြင့်မားလာနေသဖြင့် စစ်ဘေးရှောင် အမျိုးသမီးများ အတွက်လည်း လစဉ်သုံးပစ္စည်းများ ပိုမို လိုအပ်လာနေကြောင်း အဖွဲ့ကဆိုသည်။

“မိသားစုတစ်စုလုံးကတော့ လိုအပ်ချက်တွေ တော်တော်များနေကြတယ်။ လိုအပ်လို့ ဝယ်မယ်ဆိုရင်လည်း စစ်ဘေးရှောင်တွေမှာက (ငွေကြေး) မရှိကြဘူးလေ။ အလုပ်အကိုင်ကလည်း ပေါ်ပေါ်ထင်ထင် လိုက်လုပ်လို့ မရကြပြန်ဘူး။ အခက်အခဲတွေက အများကြီးပဲ။ ပြောပြလို့တောင် မတတ်တော့ဘူး” ဟု နွေဦးမေတ္တာအဖွဲ့က တာဝန်ခံအမျိုးသမီးက ဆိုသည်။

တနင်္သာရီမြို့နယ်နည်းတူ တိုင်းအတွင်း စစ်ဘေးရှောင်အများဆုံးရှိနေသော ပုလောမြို့နယ်တွင်လည်း ဆေးဝါးနှင့် စားနပ်ရိက္ခာလိုအပ်ချက်များ၊ အဝတ်အစားနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ လိုအပ်မှုရှိနေကြောင်း ခုနှစ်စင်ကြယ်အဖွဲ့ထံမှ သိရသည်။

“အဓိကကတော့ ဆေးဝါးလိုအပ်ချက်ပဲ ဖြစ်တယ်။ ရာသီတုပ်ကွေးတွေဖြစ်တယ်။ မိုးတစပ်စပ်နဲ့ ရာသီအေးတဲ့အချိန်ဖြစ်နေလို့ ကျန်းမာရေးအရ ဖျားနာတာတွေ ပိုပြီးဖြစ်နေကြတယ်။ စားနပ်ရိက္ခာအပိုင်းကတော့ ပြောစရာတောင် မလိုနေတော့ဘူး။ ဒါက အရေးပေါ်လိုအပ်နေတာပဲ” ဟု ခုနှစ်စင်ကြယ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်များတွင် ဆန်၊ ရိက္ခာနှင့် ဆေးဝါးများ သယ်ယူခွင့် ကန့်သတ်ခံထားရသည့်အပြင် တိုက်ပွဲဖြစ်ပွားနေချိန် စပါးသိမ်းခွင့် မရကြသဖြင့် ပုလောစစ်ရှောင်စခန်းနှင့် နီးစပ်ရာနေရာများတွင် ဆန် လိုအပ်မှု ပိုမိုများပြားလာနေကြောင်း ၎င်းကဆိုသည်။

လာမည့်ဆောင်းတွင်းအတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းများနှင့် သက်ကြီးရွယ်အိုများအတွက် ဆေးဝါးများအပြင် စစ်ဘေးရှောင်များအတွက် အနွေးအထည်၊ စောင်၊ ခြင်ထောင်များ လိုအပ်မှုရှိနေကြောင်း အဖွဲ့က ဆိုသည်။

ပုလောနှင့် တနင်္သာရီမြို့နယ်များရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များအနေဖြင့်လည်း နယ်မြေ ကွင်းဆင်းကူညီရာတွင် စစ်ရေးအခြေအနေအရ ပိုမိုအန္တရာယ်များလာနေကြောင်း ၎င်းက ထောက်ပြသည်။

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာနေပြီး စစ်ဘေးရှောင်နေရသူ ခြောက်သောင်းဝန်းကျင်အထိ ရှိကြောင်း တနင်္သာရီတိုင်းအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပဋိပက္ခဖြစ်စဉ်များနှင့် လူမှုစီးပွားအခြေအနေများကို လစဉ်အစီရင်ခံစာ ထုတ်ပြန်နေသော FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။