BREAKING
January 22, 2025

အီလွန်မတ်စ်နှင့် ရာမဆွာမိ အမေရိကန် အစိုးရဌာနအသစ်ကို ဦးဆောင်မည်

November 13, 2024

ယခင်က မရှိခဲ့ဖူးသည့် အစိုးရဌာနသစ်တစ်ခုကို ၎င်းလက်ထက်တွင် စတင်ဖွဲ့စည်းကာ နာမည်ကျော်စီးပွားရေးသမားနှစ်ဦးဖြစ်သူ အီလွန်မတ်စ်နှင့် ဗီဗက်ရာမဆွာမိတို့ကို ဦးဆောင်စေမည် ဖြစ်ကြောင်း အမေရိကန် အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၎င်း၏ သမ္မတဒုတိယသက်တမ်းအတွင်း ပထမဆုံး ပေါ်ပေါက်လာမည့် အစိုးရစွမ်းရည်မြှင့်တင်ရေးဌာန (DOGE) သည် ဖက်ဒရယ်အစိုးရအေဂျင်စီတစ်ခုအဖြစ် ရှိနေမည် မဟုတ်ဘဲ အစိုးရအဖွဲ့၏ ပြင်ပမှနေ၍ အကြံဉာဏ်နှင့် လမ်းညွှန်မှုပေးမည့် ဌာနဟု ထရမ့်က ဆိုသည်။

အိမ်ဖြူတော် ၊ ဘတ်ဂျက်နှင့် စီမံခန့်ခွဲမှုရေးရာဌာနတို့နှင့် အတူလက်တွဲဆောင်ရွက်ကာ “အစိုးရယန္တရားပြုပြင်ပြောင်းလဲရေး”ကို မောင်းနှင်သွားမည်ဟု ၎င်းက ပြောသည်။

ထရမ့်၏ အင်္ဂါနေ့ ထုတ်ပြန်ကြေညာချက်သည် စီးပွားရေးလောကမှ ၎င်းအပေါ် အကြီးမားဆုံး ထောက်ခံသူနှစ်ဦးကို ပြန်ဆုချသည့် ပုံစံပေါက်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြထားသည်။

အီလွန်မတ်စ်သည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာစီးပွားရေးသမားတစ်ဦး ဖြစ်ပြီး လျှပ်စစ်ကားကုမ္ပဏီ Tesla ၊ X လူမှုကွန်ရက်စာမျက်နှာနှင့် ဒုံးပျံတည်ဆောက်ရေးကုမ္ပဏီ SpaceX တို့ကို ပိုင်ဆိုင်သူ ဖြစ်သည်။

ရာမဆွာမိသည် ဆေးဝါးကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်ကာ ယခုနှစ်အစောပိုင်းတွင် ရီပတ်ဘလင်ကန်ပါတီမှ သမ္မတလောင်းနေရာအတွက် ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် သမ္မတလောင်းပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ပြီး ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် အားပေးထောက်ခံခဲ့သည်။

အမေရိကန်အစိုးရနှင့် တန်ဖိုးကြီးစာချုပ်များ ချုပ်ဆိုလျက်ရှိပြီးသားဖြစ်သည့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အီလွန်မတ်စ်နှင့် ရာမဆွာမိတို့အား ယင်းသို့ တာဝန်ပေးရန် ကြေညာလိုက်ခြင်းကြောင့် အနာဂတ်တွင် အကျိုးစီးပွားပဋိပက္ခ ဖြစ်လာမည့်အပေါ် စိုးရိမ်မှုများလည်း ပေါ်ထွက်လာစေသည်။

အစိုးရအသုံးစရိတ်နှင့် လည်ပတ်မှုများကို ကြီးကြီးမားမား ပြောင်းလဲထိန်းချုပ်မည့် ယင်းအစီအစဉ်ကို ရီပတ်ဘလင်ကန်ပါတီမှ အပြည့်အဝထိန်းချုပ်ထားသည့် ကွန်ဂရက်ကပင် အတည်ပြုရန် ဆန္ဒရှိပါ့မလားဆိုသည်က မရှင်းလင်းသေးပေ။

“ထိထိရောက်ရောက် အလုပ်ဖြစ်မှုကို ရှေးရှုပြီးတော့ ဖက်ဒရယ်အစိုးရဗျူရိုကရေစီယန္တရားရဲ့ ပြုပြင်ပြောင်းလဲရေးကို အီလွန်မတ်စ်နဲ့ ဗီဗက်တို့ကလုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံသားအားလုံးရဲ့ ဘဝတွေ ပိုကောင်းလာအောင် လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ထရမ့်က ဆိုသည်။

ယင်းဌာနသစ်၏ အဓိကဦးစားပေးအရာတစ်ခုမှာ ပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှုရှိခြင်း ဖြစ်သည်ဟု အီလွန်မတ်စ်က ၎င်းပိုင်ဆိုင်သည့် X လူမှုကွန်ရက်စာမျက်နှာပေါ်မှ တုံ့ပြန်ပြောဆိုရာခဲ့သည်။

“ထိရောက်မှုပိုများပြီး ဗျူရိုကရေစီယန္တရားပိုနည်းတဲ့ ပိုသေးငယ်တဲ့ အစိုးရပုံစံဟာ အမေရိကန်ပြည်ထောင်စုအတွက် ပြီးပြည့်စုံတဲ့ လက်ဆောင်တစ်ခု ဖြစ်မှာပါ” ဟု ထရမ့်က ဆိုသည်။

အစိုးရယန္တရားထိရောက်မှုရှိရေးနှင့် အစိုးရအသုံးစရိတ်များကို စာရင်းစစ်နိုင်ရန်အတွက် အမေရိကန်အစိုးရတွင် အစိုးရတာဝန်ယူမှုတာဝန်ခံမှုရှိစေရေးရုံး( Government Accountability Office ) အပါအဝင် ပါတီဘက်စွဲမရှိသည့် အမှီအခိုကင်းသော စောင့်ကြည့်ရေးယန္တရားများ ရှိပြီး ဖြစ်သည်ဟု ဝေဖန်သူများက မှတ်ချက်ပေးသည်။

ယင်းဌာနကို မည်သည့်ရန်ပုံငွေဖြင့် မည်သို့လည်ပတ်သွားမည်ဆိုသည့်အပေါ် လည်း ထရမ့်က အသေးစိတ် ဖော်ပြခြင်း မရှိခဲ့ပေ။

“အစိုးရဗျူရိုကရေစီယန္တရားကို ဖျက်သိမ်းပစ်ဖို့၊ မလိုအပ်တဲ့ စည်းမျဉ်းထိန်းချုပ်မှုတွေကို လျှော့ချဖို့၊ အလေအလွင့်များတဲ့ အသုံးစရတ်တွေကို ဖြတ်တောက်ဖို့၊ ဖက်ဒရယ်အစိုးရအေဂျင်စီတွေကို ပြန်လည်ဖွဲ့စည်း ပြုပြင်ပြောင်းလဲဖို့အရေးတို့မှာ အံ့အားသင့်စရာကောင်းတဲ့ အမေရိကန်နိုင်ငံသားနှစ်ယောက် အတူလက်တွဲဆောင်ရွက်ပြီးတော့ ကျွန်တော့် အစိုးရအဖွဲ့အတွက် လမ်းကြောင်းထွင်ပေးမှာပါ” ဟု အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ထရမ့်က ဆိုသည်။

အသစ်ဖွဲ့စည်းမည့် ဌာန၏ အတိုကောက်စကားလုံးမှာ DOGE ဖြစ်သလို အီလွန်မတ်စ် ထောက်ခံအားပေးနေသော ခရစ်တိုငွေကြေးကုမ္ပဏီ၏ အမည်မှာလည်း DOGE ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ အင်္ဂါနေ့ ထုတ်ပြန်ချက် ထွက်ရှိလာပြီးနောက်တွင် DOGE ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးမှာ ၃၂.၅ ရာခိုင်နှုန်း ခုန်တက်သွားခဲ့သည်။

Sourec – CNN, ABC News, Al Jazeera