BREAKING
December 23, 2024

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထွက်လာသည့် စစ်ကြောင်း မိုင်းဆွဲခံရ

November 13, 2024

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာမှ နိုဝင်ဘာလ ၁၂ ရက် ညတွင် စစ်ကြောင်းထိုးရန် ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် နဘုလယ်ဒေသအတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ရေနက်ဆိပ်ကမ်းမှ ထွက်လာခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါစစ်ကြောင်းမှာ နိုဝင်ဘာလ ၉ ရက် နံနက်တွင် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

“ဆိပ်ကမ်းထဲက ထွက်လာတဲ့အချိန်မှာ မိုင်းဆွဲတယ်လို့သိရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးဝန်းကျင်ကို ပြန်လည် ပစ်ခတ်ကာ ရေနက်ဆိပ်ကမ်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

“ညက အိမ်တောင်တုန်တယ်။ နောက်ပြီး ဒရုန်းတွေလည်း လာဝဲနေသေးတယ်” ဟု နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအား မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးပေ။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် နဘုလယ်ဒေသကို စစ်ကြောင်းထိုးပြီးနောက် မူးဒူးရွာတွင် နှစ်ရက်တပ်စွဲကာ အိမ်တိုင်းနီးပါးကို ရိုက်ဖျက်ဝင်ရောက်သလို စားသောက်ဖွယ်ရာများကို ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် နိုဝင်ဘာလ ၁၁ ရက်မှစ၍ ယနေ့ နိုဝင်ဘာလ ၁၃ရက် ညနေအထိ ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာအတွင်း တပ်စွဲထားကြောင်း နဘုလယ်ဒေသခံများထံမှ သိရသည်။