BREAKING
January 27, 2025

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

November 13, 2024

ပုံစာ - ခမောက်ကြီးမြို့အဝင်တစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ မာရမ်းကျေးရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၁ရက် နေ့လယ် ၁၂နာရီခန့်တွင် အင်အား ၈၀ ခန့်ပါသည့် ခြေလျင်စစ်ကြောင်းကို အောင်ချမ်းသာကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို တစ်လေးလုံးအထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“လက်နက်ကြီးနဲ့ ပစ်တာမျိုးမရှိပေမယ့် လက်နက်ငယ်နဲ့ ပြန်ပစ်တာမျိုးဆိုတော့ အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ် ဖြစ်ခဲ့သေးတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု ကော့သောင်းပကဖ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယင်းကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်တပ်သား ခြောက်ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရကာ ခမောက်ကြီးမြို့သို့ ကားဖြင့်ချက်ချင်းသယ်ဆောင်သွားကြောင်း ကော့သောင်း ပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက အောင်ချမ်းသာကျေးရွာလမ်းဆုံတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး နောက်တစ်ရက် နံနက်တွင် ဆိပ်ဖူးကျေးရွာဘက်ဆက်ပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က ဆိပ်ဖူးရွာဘက်သို့ စစ်ကြောင်းထိုးချိန်တွင် ဒေသခံအမျိုးသားများအား စစ်ဆေးမေးမြန်းခဲ့ပြီး ဆိပ်ဖူးရွာဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အဖမ်းခံရတဲ့သူက အခုလက်ရှိစစ်ကြောင်းနဲ့ အတူပါနေတာပေါ့။ သူ့မှာက ကားရှိတယ်ဆိုတော့ သူ့ကားကို ချောဆွဲသလိုမျိုးနဲ့ သူ့ကိုခေါ်သွားတယ်။ အခုချိန်အထိ ပြန်လွတ်တယ်လို့တော့ မကြားမိသေးဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ရက်ကလည်း ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဆွဲမိုင်း ခုနစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။