BREAKING
January 1, 2025

ချင်းမိုင်တွင် ဓါးနှင့်ဗျောက်အိုးများ ကိုင်ဆောင်ထားသဖြင့် မြန်မာလူငယ် ၄ ဦးဖမ်းဆီးခံရ

November 13, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဓါးနှင့်ဗျောက်အိုး ကိုင်ဆောင်ထားသည့် မြန်မာလူငယ် ၄ ဦးကို စစ်ဆေးတွေ့ရှိသဖြင့် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အသက် ၂၀ ဝန်းကျင်အရွယ် မြန်မာနိုင်ငံသားများ ၄ ဦးကို နိုဝင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲစေတတ်သောပစ္စည်းများ လက်ဝယ်ပိုင်ဆိုင်မှုနှင့် လက်နက်ကိုင်ဆောင်မှုများဖြင့် အမှုဖွင့်အရေးယူထားသည်။

ချင်းမိုင်မြို့အတွင်း ကျင်းပမည့် လွိုင်ကထုန်ပွဲတော်တွင် ခရီးသွားများကို အန္တရာယ်ဖြစ်စေနိုင်သော လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ကိုင်ဆောင်မှုမရှိရေး လိုက်လံစစ်ဆေးနေချိန် အဆိုပါလူငယ်များတွင် ဓါးရှည်နှစ်ချောင်းနှင့် လက်လုပ်ဗျောက်အိုးအကြီးနှစ်လုံး တွေ့ရှိသဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများကလည်း လက်နက်နှင့် ဗျောက်အိုးများကို မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

ဥပဒေအရ ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ပိုင်ဆိုင်မှုအတွက် ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဗျောက်အိုးများကဲ့သို့ ပေါက်ကွဲစေတတ်သော ပစ္စည်းများကို လူအများကြား မပစ်လွှတ်ကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားပြီး အကယ်၍ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။

Ref: Chiang Mai News, naewna, CH 7, MGR Online