BREAKING
January 1, 2025

လောင်းလုံးမြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီး မြို့ခံတစ်ဦးဒဏ်ရာရ

November 13, 2024

လောင်းလုံးမြို့ပေါ်တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက် ၉နာရီခန့်က နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး မြို့ခံအမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။

လောင်းလုံးမြို့ ဝတ်တက်ကျောင်းနှင့် မြို့မရဲစခန်းကြားရှိ ဗိုလ်ဗထူးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို လက်နက်ကိုင် အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

ယင်းပစ်ခတ်မှုအတွင်း ဗိုလ်ဗထူးလမ်း လမ်းဘေးဈေးဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးလှမျိုး (ခေါ်) မိုင်ကယ်၏ ခြေထောက်တွင် ‌ကျည်ဆံထိမှန် ဒဏ်ရာရကြောင်း မြို့ခံအချို့က ဆိုသည်။

“သူ (ဦးလှမျိုး) က လမ်းဘေးက ဘယာကြော်ဆိုင်လေးမှာ အမြဲလာလာထိုင်နေလေ့ရှိတယ်။ ရုတ်တရက် ပစ်ခတ်သံတွေ ထွက်လာတော့ သူလည်း မပြေးနိုင်ဘဲနဲ့ ကျည်ဆံထိသွားတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဦးလှမျိုးမှာ လေဖြတ်ဝေဒနာ ခံစားနေရသူဖြစ်ပြီး ပြုစုကုသပေးမည့် မိသားစုဝင်တို့လည်း အတူတူမရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

ပစ်ခတ်မှုမှာ မိနစ်ပိုင်းသာကြာပြီး‌‌ လာရောက်ပစ်ခတ်သည့်အဖွဲ့ ပြန်ဆုတ်သွားချိန်တွင် ဦးလှမျိုးအား ထားဝယ်မြို့ရှိ ဆေးရုံသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း မြို့ခံတို့ကပြောသည်။

ယင်းပစ်ခတ်မှုအကြောင်း အသေးစိတ်သိရှိရန် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို တိတိကျကျမသိရသေးပေ။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် အချို့မှာ ဝတ်တက်ကျောင်းအနောက်ဘက်ရှိ နေအိမ်များကြားထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။