မြိတ်မြို့တွင် တန်ဆောင်မုန်းလပြည့်(နိုဝင်ဘာ ၁၅)ညတွင် လှည့်လည်မည့် နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဘုရားငါးဆူကွင်းအတွင်း အပူဇော်ခံထားရှိပြီး ယခုနှစ်တွင် မြို့တွင်းလှည့်လည်မည်ဟု ဦးဆောင်ကျင်းပသည့် မြိတ်မြို့ ၊ ဗုဒ္ဓဘာသာအသင်းကြီး ထံကသိရသည် ။
ဘုရားပူဇော်ခံထားသည့်နေရာတွင် ဇာတ်ပွဲ ၊ မုန့်စျေးတန်းများ စီစဥ်ထားပြီး ပွဲတော်ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် အရန်မီးသတ်များအပြင် ပျူစောထီးများလည်း နေရာယူထားသည်ကို တွေ့ရကြောင်း မြို့ခံဘုရားဖူးများကဆိုသည်။
စစ်ကောင်စီက မြိတ်မြို့တွင် ညမထွက်မရအမိန့်နှင့်ပတ်သက်၍ ရုပ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ယခုနှစ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွင် ဇာတ်ပွဲကို နံနက်အာရုဏ်တက်အထိ ကပြဖျော်ဖြေခွင့်ပြုထားသည်ဟု မြို့ခံများထံကသိရသည်။












နှစ်ကျိပ်ရှစ်ဆူ ဘူရားများကို မြို့တွင်းမလှည့်လည်မီ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ ဘုရားငါးဆူကွင်း၌ အပူဖော်ခံထားမည်ဖြစ်သည်။
ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် ကျင်းပခြင်း မရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို မြိတ်မြို့တွင် ယမန်နှစ်မှစ၍ ပြန်ကျင်းပခဲ့ပြီး မြို့တွင်းလှည့်လည်ခြင်းကို ယခုနှစ်တွင် ပြန်စရန် စီစဉ်နေခြင်းဖြစ်သည်။
လူငါးဦးထက်ပိုမစုရ အမိန့်နှင့် ညမထွက်ရအမိန့်ထပ်မံ ကြေညာထားသည့် ထားဝယ်မြို့တွင်လည်း တန်ဆောင်တိုင် အဖိတ်နေ့ နိုဝင်ဘာလ ၁၄ ရက်တွင် နေ့ခင်းဘက်၌ နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည် အပူဇော်ခံမည်ဟု ထားဝယ်ဘုရားကြီး ဂေါပက က ကြေညာထားသည်။