အလုပ်သမားခေါ်ယူ၍ မရခြင်းနှင့် ဆားအရောင်းအဝယ်နည်းလာသဖြင့် ထားဝယ်ခရိုင်က ဆားလုပ်ငန်းများ အခက်အခဲ ကြုံနေရကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။
စားဝတ်နေရေးကျပ်တည်းမှု၊ အဓမ္မစစ်မှုထမ်းခေါ်မှု စသည်တို့ကြောင့် လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာကြသဖြင့် ဆားလုပ်ငန်းအတွက် အလုပ်သမားရှားပါးလာကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူတို့က ဆိုသည်။
ဆားကွင်းဧက နှစ်ရာကျော်ကို အလုပ်သမား ၇၀ ဦးခန့်ဖြင့်လည်ပတ်နေသော်လည်း ယခုနှစ်တွင် အလုပ်သမား ၃၅ ဦးသာ ခေါ်ယူ၍ရကြောင်း ထားဝယ်မြို့မှ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။
“အဓိကတော့ ယိုးဒယားကို သွားကုန်တာပေါ့။ ဒီစစ်မှုထမ်းဥပဒေနဲ့ အကုန်လုံးက ရှောင်တာပေါ့။ ယိုးဒယားမှာ ပိုပြီးတော့လည်း အဆင်ပြေတယ်ဆိုတော့” ဟု ဦးသန်းဝင်းက ပြောသည်။
ယခင်က ဆားကွင်းဧက နှစ်ရာကျော်က ဆားပိဿာချိန် ၂၅ သိန်းမှ သိန်း ၃၀ ခန့်ထုတ်နိုင်ခဲ့ပြီး ယခုနှစ်တွင် လုပ်သားရှားသဖြင့် ဧကတစ်ရာကျော်သာ ဆားထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဆားလုပ်ငန်းခွင်နှင့် သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာတို့ရှိ ဆားကွင်းတို့တွင်လည်း အလုပ်သမားခေါ်ယူရန် ခက်ခဲနေကြောင်း အဆိုပါဒေသတွင် ဆားလုပ်ငန်းလုပ်ကိုင်သူတို့က ပြောဆိုသည်။
“လေဘာ (အလုပ်သမား) ကတော့ တစ်နှစ်ထက်တစ်နှစ် ခက်ခဲလာတာပေါ့” ဟု ကံပေါက်ဒေသရှိ ဆားလုပ်ငန်းသည့် အမျိုးသားတစ်ဦးက ပြောသည်။
ထားဝယ်ခရိုင်က ဆားလုပ်ငန်းခွင်တွင် ဧရာဝတီတိုင်းဘက်က အလုပ်သမားများ အများဆုံးလာရောက် လုပ်ကိုင်ကြသည်။ ဆားကွင်းရာသီကုန်ချိန် မေ၊ ဇွန်လများတွင် အလုပ်သမားအများစု နေရပ်ပြန်သွားကြပြီး ဆားကွင်းဖွင့်ချိန် စက်တင်ဘာ၊ အောက်တိုဘာလများတွင် ဆားကွင်းသို့ပြန်လာကြပြီး ယခုနှစ်တွင် လာရောက်သူနည်းကြောင်း ဆားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
အလုပ်သမားငှားရမ်းခမှာလည်း စျေးတက်လာပြီး ပြီးခဲ့သည့်နှစ်က နေ့စားအလုပ်သမား အမျိုးသားတစ်ဦးလျှင် တစ်သောင်းကျပ်ပေးရရာမှ ယခုနှစ်တွင် တစ်သောင်းနှစ်ထောင်ကျပ်၊ အမျိုးသမီးတစ်ဦးလျှင် ရှစ်ထောင်ကျပ် ပေးရရာမှ တစ်သောင်းကျပ် ပေးရကြောင်း ဦးသန်းဝင်းက ဆိုသည်။
ယင်းအပြင် ဆားဝယ်လိုအားမရှိသည့် အခက်အခဲဖြင့်လည်း ရင်ဆိုင်နေရကြောင်း ဆားလုပ်ငန်းလုပ်ကိုင်တို့က ဆိုသည်။
ပြီးခဲ့သည့်ရာသီက ဆားပိဿာချိန် လေးသောင်းခန့်ထွက်ရှိပြီး ယခုနှစ်ရာသီစချိန်အထိ ထက်ဝက်သာ ရောင်းချရသေးသဖြင့် ငွေပေါ်ရန်ကြန့်ကြာနေကြောင်း ပြင်းဖြူကြီးကျေးရွာက ဆားလုပ်တောင်သူ ဒေါ်မြင့်စန်းက ပြောသည်။
ထို့ကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက မီးချက်ဆားလုပ်ငန်းကို ရပ်နားထားကြောင်း ၎င်းက ဆိုသည်။
ရွှေပြည်သား ဆားလုပ်ငန်းမှာလည်း ပြီးခဲ့သည့်နှစ်က နေလှန်းဆားပိဿာချိန် ၂၅ သိန်းခန့်ထွက်ရှိပြီး ပိဿာချိန် ၁၂ သိန်းခန့် အထိ ကျန်နေသေးကြောင်း ဦးသန်းဝင်းက ပြောဆိုသည်။
အာဏာမသိမ်းခင်က တိုင်းတွင်းက ထွက်သည့်ဆားနှင့် မလောက်ငှသဖြင့် မွန်ပြည်နယ် ပငဘက်က ဆားကို တစ်ဆင့် ပြန်လည်ဝယ်ယူပြီး ထားဝယ်၊ ပုလော၊ မြိတ်၊ ကော့သောင်းအထိ ဖောက်သည်များကို ဖြန့်ဖြူးရောင်းချပေးရသည်အထိ ရောင်းအားရှိခဲ့သည်။
တနင်္ဿာရီတိုင်းကထွက်သည့် ဆားကို လှေလုပ်ငန်း၊ ငါးဆားထိုးလုပ်ငန်း၊ ရေခဲစက်နှင့် ငါးပိ၊ ငါးခြောက်လုပ်ငန်းများအပြင် အိမ်သုံးဆားအဖြစ် အသုံးပြုကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် အထက်ပါလုပ်ငန်းလုပ်ကိုင်သူများက ဆားဝယ်ယူမှုမရှိသလောက်ဖြစ်လာပြီး နှစ်ဖက် တိုက်ပွဲနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် ဆားရောင်းအား သိသိသာသာလျော့ကျလာကြောင်း ဆားလုပ်ငန်းရှင်များက ပြောဆိုကြသည်။
ကံပေါက်ဒေသက ဆားလုပ်ငန်းလုပ်ကိုင်သူကမူ ပြည်ပက ဆားဝင်ရောက်မှုများသောကြောင့်လည်း ဒေသထုတ်ဆား ရောင်းမကုန်ခြင်း ဖြစ်ကြောင်း ပြောသည်။