BREAKING
January 22, 2025

တရုတ်အပေါ် သဘောထားတင်းမာသည့် ဆီးနိတ်အမတ် ကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာဖွယ်ရှိ

November 13, 2024

အမေရိကန် အရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်သည် ဆီးနိတ်အမတ် မာကိုရူဘီယိုအား ၎င်းအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ််ဖို့ ရှိနေကြောင်း ထရမ့်နှင့် နီးစပ်သည့် ပုဂ္ဂိုလ်များကို ကိုးကား၍ The New York Times က  တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရတော့မည့် ဒေါ်နယ်ထရမ့်သည်၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ပြင်ဆင်လျက်ရှိပြီး အမျိုးသားလုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး အလျှင်အမြန် ကြိုးပမ်းလျက်ရှိသည်။

ထရမ့်အနေဖြင့် ဆုံးဖြတ်ချက်ကို နောက်ဆုံးအချိန်အထိ ပြင်ဆင်နိုင်သေးသော်လည်း မာကိုရူဘီယိုအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးဖြစ်ပုံပေါ်ကြောင်း အဆိုပါပုဂ္ဂိုလ်များက ပြောသည်။

မာကိုရူဘီယို နိုင်ငံခြားရေးဝန်ကြီးဖြစ်လာလျှင် အဓိကကြုံရမည့် မေးခွန်းမှာ အမေရိကန်အနေဖြင့် တရုတ်ကို ပိုဦးစားပေးကိုင်တွယ်နိုင်ရန်အတွက် အခြားနိုင်ငံများမှ ၎င်းတို့၏ ပါဝင်စွက်ဖက်မှုများကို စွန့်လွှတ်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် ဆီးနိတ်အမတ်အဖြစ် ပထမဆုံး ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် မာကိုရူဘီယိုသည် နိုင်ငံခြားရေးမူဝါဒရေးရာတွင် တင်းမာပြီး အင်အားသုံးစွက်ဖက်လိုသည့် သဘောထားရှိသူဖြစ်သည်။ အထူးသဖြင့် တရုတ်၊ အီရန်၊ ဗင်နီဇွဲလားနှင့် ကျူဘားနိုင်ငံတို့အပေါ်တွင် ၎င်း၏ သဘာာထားက ပိုတင်းမာသည်။

အမေရိကန်အနေနှင့် တရုတ်အပေါ် ပိုတင်းတင်းမာမာ ကိုင်တွယ်ဖို့လိုကြောင်း ဟောဟောဒိုင်းဒိုင်း အပြောများဆုံး ဆီးနိတ်အမတ်များတွင် မာကိုရူဘီယိုလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

အမေရိကန်၏ နိုင်ငံခြားကြားဝင်စွက်ဖက်မှုများနှင့် ပတ်သက်၍ ပိုသတိကြီးကြီးထားသည့် ရီပတ်ဘလင်ကန်ပါတီဝင်များနှင့် မာကိုရူဘီယိုအကြား ယခင်က သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။

တရုတ်နှင့် ပတ်သက်၍ မာကိုရူဘီယို၏ ရပ်တည်ချက်များကို နောက်ပိုင်းတွင် ပါတီနှစ်ရပ်စလုံးမှ လက်ခံလာခဲ့သည်။ နမူနာအနေဖြင့် ထရမ့်၏ ပထမသက်တမ်းအတွင်း တရုတ်နှင့် စီးပွားရေးအရ ပိုယှဉ်ပြိုင်နိုင်စေမည့် အမေရိကန်စက်မှုကဏ္ဍမူဝါဒများကို မာကိုရူဘီယိုက စတင်ထောက်ခံအားပေးခဲ့သည်။

ဂါဇာစစ်ပွဲတွင် အစ္စရေးကို အပြည့်အဝထောက်ခံသည့် ၎င်းသည် ပါလက်စတိုင်းမှ အရပ်သားသေဆုံးသူများအတွက် ဟားမတ်အဖွဲ့ကိုသာ ရာနှုန်းပြည့် အပြစ်တင်ရမည်ဟု ဆိုခဲ့ဖူးသည်။

ယခင်က  ရုရှားနှင့် ပတ်သက်၍ တင်းမာသည့် သဘောထားရှိသော်လည်း လက်ရှိ ရုရှား-ယူကရိန်းအရေးနှင့် ပတ်သက်လျှင် မာကိုရူဘီယူသည် ဒေါ်နယ်ထရမ့်နှင့် တူညီသည့် သဘောထားရှိသူ ဖြစ်သည်။