BREAKING
January 1, 2025

ကျွန်းစုဒေသထွက် ပုစွန်ခြောက်ဈေးနှစ်ဆကျော်မြင့်တက်

November 13, 2024

ပုံစာ - ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအတွင်းရှိ ပုစွန်ခြောက်အရောင်းဆိုင်အား တွေ့ရစဉ်(ပုံဟောင်း)

ကျွန်းစုမြို့နယ်ထွက် ပုစွန်ခြောက်စျေး နှစ်ဆကျော် မြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ်တစ်သိန်းကျော်အထိ စျေးရှိနေကြောင်း ဒေသခံရေလုပ်သားများနှင့် ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် လေးလခန့်က ပုစွန်ခြောက် (ရှယ်ကြီးသန့်) တစ်ပိဿာလျှင် လေးသောင်းခွဲကျပ်ဝန်းကျင် ပေါက်ဈေးရှိနေရာမှ လက်ရှိတွင် ကျပ်တစ်သိန်းကျော်အထိ ဈေးရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြိတ်ကျွန်းစုက ထွက်သည့် ပုစွန်ခြောက်ကို ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများကို အဓိကရောင်းချနေရပြီး လက်ရှိတွင် ဝယ်လိုအားများလာသဖြင့် ဈေးတက်လာခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ်အတွင်း ပုစွန်ခြောက်ရောင်းဝယ်နေသည့် အမျိုးသမီးတစ်ဦး ဆိုသည်။

“ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အထိ ပို့ပေးတယ်။ မြိတ်ဘက်က ပုစွန်‌ခြောက်က ပိုကောင်းတယ်ဆိုပြီး မှာဖူးတဲ့သူတွေ ခဏခဏပြန်လာမှာကြတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ ပုစွန်ခြောက်ထုတ်လုပ်သည့် ဒေသများတွင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် ပုစွန်ခြောက်ထုတ်လုပ်မှု မရှိသလောက်နည်းပါးလာသည့်အတွက် ကျွန်းစုအပါအဝင် အခြားဒေသထွက် ပုစွန်‌ခြောက် ဝယ်လိုအားများလာသည်ဟု ယူဆကြောင်း ၎င်းက ပြောဆိုသည်။

ကျွန်းစုဒေသထွက် ပုစွန်ခြောက်မှာ အကြီးဆိုဒ်၊ အလတ်ဆိုဒ်၊ လက်ဖက်စားဆိုဒ် ဟူ၍အမျိုးအစားသုံးမျိုးရှိပြီး ဆိုဒ်အပေါ်မူတည်ကာ ဈေးနှုန်းကွာခြားလေ့ရှိသည်။

ထိုကြောင့် ပုစွန်ခြောက် ဆိုဒ်အပေါ်မူတည်ကာ တစ်ပိဿာလျှင် ကျပ် ငါးသောင်းကျော်မှ ကျပ်တစ်သိန်းကျော်အထိ ပေါက်ဈေးရှိသည်။

ပုစွန်ခြောက်လုပ်ရာတွင် ပင်လယ်ရေအငန်ဓာတ်ဖြင့်သာ ပုစွန်‌ကိုပြုတ်ပြီး အခြောက်ခံသဖြင့် ကျွန်းစုမြို့နယ်က ထွက်သည့် ပုစွန်ခြောက်မှာ အငန်ဓာတ်နည်းကြောင်း ပုစွန်ခြောက်လုပ်နေသည့် ရေလုပ်သားများက ဆိုသည်။

“ပုစွန်ခြောက်က ပိုချိုတယ် ပိုလှတယ်။ ဈေးကြီးလည်း ဝယ်စားရတာတန်တယ်” ဟု ကျွန်းစုမြို့နယ်အတွင်း ပုစွန်ခြောက်ပြုလုပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းတွင် ပုစွန်ခြောက်ကို ကျွန်းစုမြို့နယ်အပြင် ပင်လယ်နှင့်နီးသည့် မြို့နယ်များတွင်လည်း ထုတ်လုပ်ရောင်းချနေကြသည်။