BREAKING
January 2, 2025

ရခိုင်တွင် ရေလမ်း၊ ကုန်လမ်းအားလုံးကို စစ်ကောင်စီက သွားလာခွင့် ပိတ်ဆို့ထား

November 13, 2023

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၏ ကုန်းလမ်း၊ ရေလမ်း အားလုံးကို စစ်ကောင်စီက ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း ခရီးသွားလာနေသူများကိုးကားကာ Western News သတင်းဌာနတွင် ဖော်ပြထားသည်။

လက်ရှိပိတ်ဆို့ထားသည့်အခြေနေမှာ မြို့အနှံ့ကုန်းလမ်းရေလမ်းအားလုံးအပြင် ရန်ကုန်၊ စစ်တွေအဝေးပြေးကား လမ်းတစ်လျှောက်သွားလာခွင့်များကို ခွင့်မပြုဘဲ အားလုံးနီးပါးကို စစ်ကောင်စီဘက်မှ ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

မြို့နယ်အလိုက် ရေလမ်းကြောင်း အဓိကပြေးဆွဲလျှက်ရှိသည့် ရွှေပြည်တန်အမြန်ရေယာဉ်မှ စစ်တွေမှ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး စသည့်ခရီးစဉ်များကို ယာယီရပ်နားကြောင်း ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

ရေလမ်းကြောင်းအပြင် မြို့နယ်အနှံ့ဆက်သွယ်ထားသည့် ကုန်လမ်းကြောင်းများအားလုံးပါ စစ်ကောင်စီမှ ဂိတ်အလိုက်ပိတ်ဆို့မှုတို့ပြုလုပ်ထားသည့်အတွက် အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလာနေသူအများအပြား အခက်တွေ့နေကြရသည်ဟု စစ်တွေသို့ ဆေးကုသရန်ရောက်နေသည့် ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးကဆိုသည်။

“မနေ့က ဆေးကုသဖို့စစ်တွေကိုရောက်နေတာ။ ဒီနေ့ ကျောက်တန်းဂိတ်ကပိတ်ထားတယ်ပြောတယ်။ ပိတ်လိုက်တော့ ဘယ်လိုပြန်ရမလဲတောင် မသိတော့ဘူး။ တစ်ခြားမြို့နယ်တွေကလည်း ဒီမှာလူတွေအများကြီးပဲ အကုန်ပိတ်မိနေကြပြီ” ဟုပြောသည်။

ထို့အပြင် ရန်ကုန်- စစ်တွေအဝေးပြေးကားအားလုံးကိုလည်း စစ်ကောင်စီမှ ပြေးဆွဲခွင့်ကန့်သတ်ခဲ့သည့်အတွက် နေရပ်ပြန်ရန် လက်မှတ် ဝယ်ယူထားသည့် ခရီးသည့် ထောင်နှင့်ချီ သွားလာခွင့်မရဘဲ အခက်တွေ့လျှက်ရှိနေကြသည်။

ကားလမ်းမများအပြင် မြို့အဝင်အထွက်များတွင်လည်း စစ်ကောင်စီမှ ဂိတ်ချ၍ ပိတ်ဆို့ထားမှုတို့ရှိပြီး ထိုအခြေနေနှင့် ဆက်စပ်၍ ကျောက်ဖြူ ဒေသခံတစ်ဦးက ယခုကဲ့သို့ပြောသည်။

“ကျောက်ဖြူကို အဝင်အထွက်လုပ်လို့ရတဲ့ ကျောက်တစ်လုံးဂိတ်ကို ဒီကနေ့မနက်ပဲ သူတို့ပိတ်လိုက်တယ်။ ဘယ်သူမှ ဖြတ်သန်းခွင့်မရဘူး။ နယ်ဖက်ကလူတွေကိုလည်းမဝင်ရသလို မြို့တွင်းကလူတွေလည်းမထွက်ရဘူး။ အရေးပေါ်လူနာတွေတောင် ဝင်ခွင့်မရမပေးတဲ့ အခြေနေမျိုးဖြစ်နေတယ်” ဟုပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ အပစ်ခတ်ရပ်စဲထားရာမှ ယနေ့စတင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ကောင်စီဖက်မှ ရခိုင်ပြည်အနှံ့အပြားတွင် ရေလမ်း၊ ကုန်လမ်းအားလုံးကို စတင်ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

ရခိုင်တွင် ပြီးခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်းကလည်း စစ်ကောင်စီမှ မြို့နယ်အနှံ့ရေလမ်းကြောင်း၊ ကုန်လမ်းကြောင်းနှင့် အဓိကကုန်စည်စီးဆင်းရာလမ်းကြောင်းများကို လနှင့်ချီ၍ ကန့်သတ်ပိတ်ဆို့ မှုတို့ပြုလုပ်ခဲ့သည့်အတွက် သန်းနှင့်ချီသည့် ဒေသခံများ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် စားနပ်ရိက္ခာ ပြဿနာများ ကြုံတွေ့ခဲ့ရမှုရှိခဲ့သည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းအချိန်ခန့်က မင်းပြားတိုင်းဗဟို (၉) မှထွက်လာသည့် စစ်ကောင်စီ ယာဉ် ၂ စီး ရာမောင်ဖက်မှ ပြန်အလာတွင် မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာဖက်တွင် AA မှ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား အများအပြား သေဆုံးသွားကြောင်း သိရသည်။

တစ်ချိန်းတည်းတွင် ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်း ၅ နာရီခန့်စတင်၍ ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုကမ်း ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့် စခန်းများကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်း ၅ နာရီခန့်ကလည်း ရသေ့တောင်မြို့နယ် ချိန်ခါလီနှင့် ဒုံးပိုက်ကျေးရွာဖက်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီနယ်ခြားစောင့် တပ်စခန်း နှစ်ခု သိမ်းပိုက်ထားကြောင်း သိရသည်။

Western News သတင်းဌာန၏ သတင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။