BREAKING
January 11, 2025

လောင်းလုံးတွင် သန်းခေါင်စာရင်းကောက်ရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

October 13, 2024

ဓာတ်ပုံ - ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့(F.P.F)

လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ရန်အတွက် လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ် အောင်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံများကပြောသည်။

ထားဝယ်-လောင်းလုံလမ်းပိုင်းရှိ အင်းဇောက်ရွာနှင့် ပဉ္စသီမော်ရွာကြားရှိ လောင်းလုံးမြို့နယ် မီးသတ်တပ်စခန်းအနီး လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနက်စောစောပိုင်းမှာ ပေါက်ကွဲသံတစ်ချက် ကြားလိုက်တယ်”ဟု ဒေသခံတစ်ဦး က‌ပြောသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့ကို ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ(F.P.F)မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်ထားသည်။

ထားဝယ်မှာဆင်းလာကာ လောင်းလုံးမီးသတ်ရုံးရှေ့တွင် လမ်းကင်းယူပေးနေသည့် စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာလ ၁၁ ရက် နံနက် ၅ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရသည်ဟု ကြားရကြောင်း ဒေသခံများကပြောသည်။

ယင်းတိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီတပ်က မီးသတ်ရုံးအနီးတွင်ရှိသည့် နေအိမ်ဈေးဆိုင်တစ်ဆိုင်ကို မီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။

“သူတို့မှာပါလာတဲ့မိုးကာကို မီးရှို့ပြီး ခေါင်မိုးပေါ်ပစ်တင်ခဲ့တယ်”ဟု ဒေသခံကပြောသည်။

အောင်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက လောင်းလုံးမြို့နယ် ကမြောကင်းတံတားအနီးတွင်ရှိသည့် ကျေးရွာများကို သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။

ယင်းသို့သန်းခေါင်စာရင်း ကောက်ရာတွင် ထားဝယ်- လောင်းလုံး လမ်းပိုင်းတစ်လျှောက်ကို စစ်ကောင်စီတပ်နှင့်ရဲတို့ ပူးပေါင်း၍ အင်အားများစွာဖြင့် လုံခြုံရေးယူထားကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာလ ၁၂ ရက်တွင်မူ အင်အားတစ်ရာကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း လောင်းလုံးမြို့မှ တစ်ဆင့် ညင်းမော်ကျေးရွာသို့ရောက်လာပြီး ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသဖြင့် ‌ယင်းကျေးရွာအနီးတွင် စစ်ရေးတင်းမာလျက်ရှိသည်။

ညင်းမော်၊ စစ်ပြဲကျေးရွာတို့မှ ဒေသခံများမှာ ထွက်ပြေးနေကြရသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက်မနက်ပိုင်းတွင်မူ အဆိုပါစစ်ကြောင်းမှ ညင်းမော်ကျေးရွာအနီးဝန်းကျင်သို့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံတို့က ပြောသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူအချိူ့ရှိနေကြောင်းလည်း ဒေသခံတို့ကပြောဆိုသော်လည်း အသေးစိတ်ကို မေးမြန်းမရသေးပေ။

ယနေ့ နေ့လယ်ပိုင်းတွင်မူ ညင်းမော်ကျေးရွာအုပ်စု ရင်းဘုတ်စာသင်ကျောင်းအနီးသို့ စစ်ကောင်စီတပ်ရောက်ရှိနေပြီး လက်နက်ကြီးပေါက်ကွဲသံတို့ မကြာခဏထွက်ပေါ်နေကြောင်း ဒေသခံတို့ကဆိုသည်။