BREAKING
October 18, 2024

ပုလောတွင် စစ်ကောင်စီတပ်က သိမ်းသွားသည့်ပစ္စည်း သွားပြန်ထုတ်သူများ ဖမ်းဆီးငွေညှစ်ခံရ

October 13, 2024

ပုံစာ - ပုလောမြို့အဝင် တစ်နေရာအားတွေ့ရစဉ်။

စစ်ကောင်စီတပ်က ပုလောမြို့နယ်၊ တောင်ယာကမ်းရွာမှ အဓမ္မသိမ်းယူသွားသည့် ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများ သွားပြန်ထုတ်သည့် ရွာသားများကို ဖမ်းဆီးခြိမ်းခြောက်ပြီး ငွေညှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်းမှ စစ်ကောင်စီတပ်သားများက တောင်ယာကမ်းကျေးရွာနေ အရပ်သား ၂၀ ခန့်ကို ဖမ်းဆီးပြီး ရွှေနှင့် ဆိုင်ကယ်ကဲ့သို့ ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများကဆိုသည်။

ဒေသခံများပိုင်ဆိုင်သည့် ဆိုင်ကယ်အစီး ၃၀၊ ရွှေ၊ငွေနှင့်တန်ဖိုးရှိ အိမ်ထောင်ပရိဘောဂပစ္စည်းများကို စစ်ကောင်စီတပ်သားများက ၂၈၅ တပ်ရင်းမှ ကားဖြင့် လာရောက်သယ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်က အဓမ္မယူဆောင်သွားသည့် ပစ္စည်းများကို ပြန်လည်ထုတ်ယူနိုင်သည်ဟု စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်းက တောင်ယာကမ်းရွာနေ ဒေသခံများကို အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

ထိုကြောင့် ဒေသခံတစ်ဦးက စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းတွင် သွားရောက်မေးမြန်းရာ ယင်းတပ်ရင်းရှိ စစ်ကောင်စီတပ်သားများက ဖမ်းဆီးပြီး ငွေညှစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့(စကစ) က ဆိုင်ကယ်တွေထုတ်လို့ရတယ်ပြောလို့ ဒေသခံတစ်ယောက်က ၂၈၅ တပ်ရင်းမှာ သွားစုံစမ်းတာ စကစတွေက ဖမ်းပြီး ငွေနဲ့ ထုတ်ခိုင်းတော့ ပိုက်ဆံပေးပြီး ပြန်ထုတ်လာရတယ်” ဟု တောင်ယာကမ်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် သိမ်းဆည်းသွားသည့် ဆိုင်ကယ်အချို့ကို ငွေကျပ် ၁၅ သိန်းနှင့်အထက်ပေးမှ ပြန်ထုတ်ပေးမည်ဟုပြောဆိုခဲ့ပြီး ဆိုင်ကယ် အသစ်နှင့် မော်ဒယ်မြင့်သည့် ဆိုင်ကယ်များကိုမူ ပြန်ထုတ်၍မရကြောင်း တောင်ယာကမ်းရွာနေ အခြားဒေသခံတစ်ဦးက ဆိုသည်။

“ရွှေ —- ပါသွားတဲ့တစ်ယောက် ပြန်ရဖို့ ပုလောမြို့ရဲစခန်းမှာ သွားစုံစမ်းတာ သူတို့(စကစ) တွေက သူတို့ ယူသွားတာ အထောက်ထားရှိလား မေးတယ်။ မရှိရင် စွပ်စွဲတယ်ဆိုပြီး ဖမ်းမယ်လို့ ခြိမ်းခြောက်တယ် “ ဟု ကာယကံရှင် တစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ အခြားဒေသခံတစ်ဦးက ပြောသည်။

တောင်ယာကမ်းရွာမှာ ပုလောမြို့နှင့် မနီးမဝေးတွင် တည်ရှိသည်။

စစ်ကောင်စီတပ်က အဓမ္မယူဆောင်သွားသည့် ရွှေအလေးချိန် ပမာဏကို လုံခြုံရေးအခြေအနေအရ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၅ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် အမျိုးသမီးနှင့် ကလေးများအပါအဝင် ဒေသခံအရပ်သား ၂၀ ခန့်ကိုမူ နေ့ချင်းပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ဆိုသည်။

အရပ်သားများကို ဖမ်းဆီးထားချိန်အတွင်း စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်ပြောဆိုမှုအချို့ ရှိခဲ့ကြောင်း ၎င်းတို့က ပြောဆိုကြသည်။