BREAKING
October 16, 2024

စစ်ကောင်စီလက်နက်ကြီး လမ်းမကြီးပေါ် ကျ၍ ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

October 13, 2024

ပုံစာ - ကျည်ထိမှန်၍ အသက်ဆုံးရှုံးသွားသော ကလေးငယ် ။ ဓာတ်ပုံ - ပေးပို့

စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆန် တနင်္သာရီမြို့နယ် ၊ တမုတ်ချုံးရွာအနီး လမ်းမကြီးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု အရေးပေါ် ကူညီဆောင်ရွက်ပေးခဲ့သူများနှင့် ဒေသခံများထံကသိရသည်။

ယင်းလက်နက်ကြီး ကျည်ဆန်ကျရောက် ပေါက်ကွဲမှုမှာ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” လက်နက်ကြီးကျည်ထိတာက ၃ ယောက် ထိသွားတယ်။ ဒရုန်းနဲ့ချတာလို့လည်း ပြောကြတယ် ” ဟု ဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီး ကျည်ဆန်ကျရောက်ပေါက်ကွဲသည့် နေရာတွင် ကွမ်းသီးရောင်းပြီး ပြန်လာသည့် အမျိုးသားတစ်ဦးနှင့် ကလေးနှစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်တစ်စီး၊ မြိတ်မြို့နယ် ကျွဲကူးရွာဘက်မှ အလှူလာသည့် သားအမိသားအဖ သုံးဦး စီးလာသည့် ဆိုင်ကယ် နှစ်စီး စုစုပေါင်း ဆိုင်ကယ်သုံးစီးနှင့် လူခြောက်ဦးရှိနေခဲ့သည်ဟု ဒေသခံတို့ကပြောပြသည်။

ယင်းခြောက်ဦးအနောက် လက်နက်ကြီး ကျည်ဆန်အစများသည် ကျွဲကူးရွာမှသားအမိနှစ်ဦး နှင့် ကွမ်းသီးရောင်းပြီးပြန်လာသည့် ကျွဲထိန်းကွင်းရွာမှာ ကလေးတစ်ဦး တို့ကို ထိမှန်ခဲ့သည်ဟု ၎င်းတို့ကဆိုသည်။

ကျွဲကူးရွာမှ အသက် ၇ နှစ်ဝန်းကျင် ကလေးငယ်မှာ ဒဏ်ရာပြင်းထန်သဖြင့် မြိတ်ဆေးရုံသို့ တင်ပို့ကုသစဥ်ကွယ်လွန်ခဲ့ပြီး ၎င်း၏အမေတွင်လည်း ကျောဘက်၌ ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။

” မြိတ်ဆေးရုံကို တင်ပို့လိုက်တယ် ။ ကလေးက ဆေးရုံ ရောက်အပြီးမှ ဆုံးသွားတယ် ” ဟု အရေးပေါ် ကူညီကယ်ဆယ်ပေးခဲ့သူတစ်ဦးကပြောသည်။

ကျွဲထိန်းကွင်းရွာက ကလေးတွင်မူ တင်ပါးတွင်ရှပ်ထိဒဏ်ရာသာရရှိကြောင်း နီးစပ်သူတို့ထံကသိရသည်။

လက်နက်ကြီးကျည်ဆန်ကျရောက်ပေါက်ကွဲခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် တမုတ်ချုံးရွာအနီးတွင် မည်သည့်ထိတွေ့ပစ်ခတ်မှုမျှ မရှိခဲ့ဟု တော်လှန်ရေးအင်အားစုများနှင့် ဒေသခံတို့ကဆိုသည်။

” တိုက်ပွဲမရှိပါဘူး။ လမ်းမှာ ဆိုင်ကယ်မောင်းရင်း လက်နက်ကြီး ကျည်ဆန် ထိမှန်ကြတာပါ” ဟု တနင်္သါရီမြို့နယ်တွင် စစ်ရေးလှုပ်ရှားသည့် တောင်ပိုင်းညီနောင် တပ်ပေါင်းစု စစ်ကြောင်း ပြန်ကြားရေး အရာရှိ ကိုစိုင်းညီ ကပြောသည် ။

တမုတ်ချုံးရွာ အနီးရှိ လယ်တောင်ယာရွာ ဒေသခံတစ်ဦးကလည်း အောက်တိုဘာလ ၁၂ ရက်နေ့အထိ တိုက်ပွဲဖြစ်သံ မကြားရသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ပြောပြသည်။

” မနေ့က (အောက်တိုဘာ ၁၂) ဘန်လောရွာဘက်ကို လက်နက်ကြီး နဲ့ထုနေတယ် ။ တစ်ရွာမဟုတ် တစ်ရွာ နေ့တိုင်းနီးပါး ပစ်သံကြားနေရတယ် ” ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၂၃ ရက်ကလည်း တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကုန်းရွာတွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် ပြည်ထောင်စုလမ်းမပေါ်တွင် ကျရောက်ပေါက်ကွဲကာ စျေးသည်အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။