ထားဝယ်တွင် သက်သတ်လွတ် စတုဒိသာကျွေးပွဲကို အောက်တိုဘာလ ၁၄ ရက်မှ ၂၂ ရက်အထိ ၉ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှသိရသည်။
ထားဝယ်မြို့ ကျွန်းမွှေး ၁ လမ်း ၊သံပရာကန် အနီးရှိ အမှတ် က/၇၄၃ နေအိမ်အနီးတွင် အောက်တိုဘာ ၁၄ ရက်နေ့မှစပြီး မနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ တစ်ကြိမ် ၊ညနေ ၄ နာရီမှ ၅ နာရီခွဲအထိတစ်ကြိမ် တစ်ရက်နှစ်ကြိမ် သက်သတ်လွတ်ထမင်း နှင့် စားစရာများကို ကျွေးမွေးသွားမည်ဟု ဦးဆောင်သူ အမျိုးသမီးတစ်ဦးကပြောသည်။
“အဓိက ကပ်ဘေးတွေကနေ လွတ်မြောက်ပါစေဆိုတဲ့ ရည်ရွယ်ချက် နဲ့ ခုနှစ်ရက်သားသမီးများ မေတ္တာပွားနိုင်ရန်အတွက်ရယ်၊ နောက်ပြီး အခက်အခဲဖြစ်နေတဲ့ အခြေခံလူတန်းစားတွေ ကိုလည်း အလှူပေးသလိုမျိုးဖြစ်အောင်၊ သီတင်းကျွတ်ကာလမှာ သက်သတ်လွတ်အဓိဌာန် ကိုးရက်ဝင်သူတွေကိုလည်း အလှူပေးတဲ့အနေနဲ့လုပ်တာပါ”ဟု သူမကပြောသည်။
ကပ်ဘေးအပေါင်းမှ လွတ်မြောက်စေရန် မေတ္တာပွား၍ ခုနှစ်ရက်သားသမီးများပူးပေါင်းပြီး သက်သတ်လွတ် စားခြင်းဖြစ်ကြောင်း အထက်ပါဦးဆောင်အဖွဲ့က ရှင်းပြသည်။
အဆိုပါ သက်သတ်လွတ် စတုဒိသာအလှူကို စေတနာရှင်များဦးဆောင်၍ ကျင်းပခြင်းဖြစ်ပြီး အသားမပါဘဲ ထမင်းနှင့်အသီးအရွက်များသာ ကျွေးမွေးသွားမည်ဖြစ်ပြီး ခုနှစ်ရက်သားသမီးမည်သူမဆို မည်သည့်အရပ်ကဖြစ်စေ လာရောက်အလှူခံနိုင်ကြောင်း ယင်းဦးဆောင်အဖွဲ့က ဖိတ်ခေါ်ထားသည်။
အဆိုပါသက်သတ်လွတ်အလှူပွဲကို ကျင်းပလာခဲ့သည်မှာ တတိယအကြိမ် တိုင်လာခဲ့ပြီဖြစ်သည်။
ယခင်က ကိုဗစ်ကပ်ရောဂါနှင့် အခြားအကြောင်းများကြောင့် အိမ်တိုင်ရာရောက် အလှူပေးတာသာ လုပ်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။