BREAKING
January 26, 2025

သွေးညှီနံ့များကြားက တနင်္သာရီ

October 13, 2023

တနင်္သာရီတိုင်းတွင် အရပ်သား သတ်ဖြတ်ခံရမှုက ကျောချမ်းဖွယ်ရာပင်။ အကြောင်းအမျိုးမျိုးဖြင့် အရပ်သား အသတ်ခံရမှုမှာ နေ့စဉ်လိုလိုဖြစ်နေသည်။

တစ်လလျှင် ပျမ်းမျှ အရပ်သား ၂၀ ကျော်အထိ အသတ်ခံနေရသည်။

“အားလုံးကို ကြောက်နေရတာပေါ့ကွယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် အခုခေတ်မှာ လူတစ်ယောက်ကို သတ်တာ မဆန်းတော့သလိုမျိုး ဖြစ်နေတာပေါ့နော်” ဟု မြင်ရ၊ ကြားရ ကြုံနေရသည့် အခြေအနေကို ထားဝယ်မြို့တွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် ဒေါ်အေးမြ(အမည်လွှဲ)က ဆိုလိုက်သည်။

ဒေါ်အေးမြ ရင်ဖွင့်သလိုပင် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူအရေအတွက်က ကြောက်ခမန်းလိလိ တိုးလာသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် တော်လှန်ရေးအဖွဲ့များ၏ သတ်ဖြတ်မှုများက ပြည်သူများ ကျောမလုံသည့် အခင်းအကျင်းဖြစ်လာသည်။

FE5 Tanintharyi ၏ အစီရင်ခံစာပါ အချက်အလက်များအရ ၂၀၂၃ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တနင်္သာရီတိုင်းအတွင်း အသတ်ခံရသည့် အရပ်သား ၂၃၀ ဦးအထိ ရှိခဲ့သည်။

ထိုအရေအတွက်တွင် စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့များက သတ်ဖြတ်ခြင်း၊ တော်လှန်ရေးအဖွဲ့များက သတ်ဖြတ်ခြင်းနှင့် လက်သည်မပေါ်ဘဲ အသတ်ခံရသူများလည်း ပါဝင်သည်။

FE5 Tanintharyi ဆိုသည်မှာ တနင်္သာရီတိုင်းအတွင်း လူမှုရေး၊ စီးပွားရေး၊ စစ်ရေးနှင့် အရပ်သားထိခိုက်သေဆုံးမှု အချက်အလက်များကို သုတေသနလုပ်ပြီး လစဉ်အစီရင်ခံစာထုတ်ပြန်နေသည့်အဖွဲ့ဖြစ်သည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ၏ ၂၀၂၃ စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်သော စာရင်းအရလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ တနင်္သာရီတိုင်းတွင် အရပ်သား ၁၅၅ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

အကြောင်းအမျိုးမျိုးဖြင့် အသတ်ခံနေရ

မြေပြင်တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်တွေ့သည့် ဒေသခံများကို ပစ်သတ်ခြင်း၊ လူသားဒိုင်းအနေဖြင့် ခေါ်သွားခြင်းနှင့် လမ်းပြအဖြစ်ခေါ်သွားပြီးမှ သတ်ဖြတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်။

ယင်းသို့ တော်လှန်ရေးအဖွဲ့များ နှင့် ဆက်စပ်သည်ဟုစွပ်စွဲပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရသူများ ရှိသလို စစ်ကောင်စီတပ်သတင်းပေး ဒလန်လုပ်မှုကြောင့်ဆိုကာ တော်လှန်ရေး အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်မှု ခံရသူများလည်း ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှာပင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရသူ အနည်းဆုံး ၁၄ ဦးရှိပြီး ဒလန်ခေါင်းစဉ်အောက် သတ်ဖြတ်ခံရသူ ၇ ဦးအထိ ရှိခဲ့သည်။

ထို့အပြင် မည်သည့်အဖွဲ့အစည်းကသတ်မှန်းမသိဘဲ လက်သည်မပေါ်ဘဲ အသတ်ခံလိုက်သူများလည်း အနည်းဆုံး တစ်လ ၁၀ ဦးအထက်တွင် ရှိနေသည်။

ထို့ကြောင့် ပြည်သူများမှာ နေ့တိုင်းလိုလိုပင် ‘ဖမ်းဆီး’ ‘သတ်ဖြတ်’ ‘ပျောက်ဆုံး’ ဆိုသည့် စကားလုံးများအကြား နားယဉ်လာပြီး ထူးပြီး မဆန်းတော့သယောင်ဖြစ်နေခြင်းပင်။

စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြိတ်မြို့နယ်တွင်လည်း လက်သည်မပေါ်ဘဲ အသတ်ခံရပြီး မြစ်ချောင်းအတွင်း အလောင်းပေါလောမျောလာသည့် ဖြစ်စဉ်များ ခပ်စိပ်စိပ်ရှိနေသည်။

ယခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ လေးလတာအတွင်း မြိတ်မြို့ ကမ်းနားတဝိုက်တွင် ရေစီးအတိုင်းမျောလာပြီး သောင်လာတင်သည့် ပိုင်ရှင်မဲ့ရုပ်အလောင်း ၁၀ လောင်းဝန်းကျင်အထိ ရှိခဲ့ကြောင်း ပရဟိတအသင်းများ၏ စာရင်းများအရ သိရသည်။

ရုပ်အလောင်းအများစုက တွေ့ရှိချိန်တွင် ပုပ်ပွနေပြီး မည်သူမည်ဝါဆိုသည်ကို မခွဲခြားနိုင်တော့သလို မည်သည့် အကြောင်းအရင်းကြောင့် သေဆုံးရသည်ကိုလည်း မသိရပေ။

အာဏာမသိမ်းမီကမူ ထိုကဲ့သို့ မျောပါနေသည့်ရုပ်အလောင်း အနည်းငယ်သာ ရှိခဲ့သည်။

ထို့အတူ တနင်္သာရီမြစ်နှင့် ပုလောမြို့နယ်ပင်လယ်ပြင်တွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် ရုပ်အလောင်းနှင့် မျက်နှာဖုံးစွပ်ကာ လက်ပြန်ကြိုးတုပ်ပြီး ဓါးဖြင့်ထိုးသတ်ခံထားရသည့် အလောင်း ၂ လောင်းအပါအဝင် ၆ လောင်းထက်မ နည်းကို ဒေသခံများနှင့် ကမ်းနီးငါးဖမ်းလှေငယ်များက ယခုနှစ်အတွင်း တွေ့ခဲ့ကြသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီမြို့နယ်တွင်လည်း လက်သည်မပေါ်ဘဲ လည်လှီးအသတ်ခံရသည့် အမျိုးသားနှစ်ဦးအထိ ရှိလာသည်။

ဒေသကာကွယ်ရေးအဖွဲ့များကလည်း ယင်းသတ်ဖြတ်မှုများကို ဖော်ထုတ်နိုင်ရန် စုံစမ်းနေသည်ဟု ဆိုသည်။

ပြည်သူများ ထောက်ပြလာသည့် ဒလန်ရှင်းလင်းရေး

ပြည်သူများမှာ စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့များ၏ တရားမဲ့သတ်ဖြတ်မှုများအပေါ် အထူးအဆန်းလုပ်ပြီး ပြောဆိုခြင်း မရှိကြသော်လည်း တော်လှန်ရေးအဖွဲ့များ ယင်းသို့လုပ်ဆောင်လာမည်ကို မလိုလားကြပေ။

ပြည်သူကြားက ပေါက်ဖွားလာသည့် တော်လှန်ရေးအဖွဲ့များ လမ်းမှားရောက်မည်ကို စိုးရိမ်နေကြခြင်းပင်။

ယင်းကြောင့်လည်း ပြီးခဲ့သည့် ရက်ပိုင်းက လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဒလန်ရှင်းလင်းရေးနှင့် ပတ်သက်သော ထုတ်ပြန်ချက်အပေါ် ဝေဖန်မှုမြင့်တက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၃ လအတွင်း လောင်းလုံးမြို့နယ်အတွင်း လူ ၇ ဦးကို စစ်ကောင်စီသတင်းပေး လုပ်သဖြင့် ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဇူလိုင်လက အသက် ၆၄ နှစ်အရွယ် မယ်သီလရှင်တစ်ဦးအပါအဝင် ၃ ဦး၊ ဩဂုတ်လတွင် အသက် ၈၀ အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ စက်တင်ဘာလတွင် အမျိုးသားနှစ်ဦးကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုအရေအတွက်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရခြင်းဖြစ်ပြီး မြေပြင်တွင် သတင်းအစအနမရဘဲ ပျောက်ဆုံးနေသည့် ဒေသခံများလည်းရှိနေသည်။

လက်နက်ကိုင်မဟုတ်ဘဲ သတ်ဖြတ်လိုက်သည့်အပေါ် အသတ်ခံရသူများ၏ မိသားစုဝင်အချို့က ငြင်းချက်ထုတ်ပြီး အမှန်တရားကို လိုချင်ကြောင်း တောင်းဆိုထားကြသည်။

ယင်းကဲ့သို့ ဒလန်စွပ်စွဲချက်ဖြင့် ဖမ်းဆီးသတ်ဖြတ်နေသည့်အပေါ် တော်လှန်ရေးအဖွဲ့အချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှား သူများကလည်း ကန့်ကွက်ရှုတ်ချကြသည်။

ထိုကဲ့သို့ သတ်ဖြတ်မှုများမှာ တရားဥပဒေမဲ့ လုပ်ရပ်များသာဖြစ်သည့်အတွက် ရှုတ်ချကြောင်း နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂက မအက်စတာက မှတ်ချက်ပြုသည်။

“တရားမဲ့လုပ်ရပ်မျိုးကို ရှုတ်ချပါတယ်။ တရားစီရင်ချင်ရင် ထိရောက်တဲ့တရားစီရင်မှုမျိုး တရားဥပဒေစိုးမိုးရေးကိုလည်း ချမှတ်ကျင့်သုံးပြီးမှ လုပ်ဆောင်စေချင်ပါတယ်” ဟု မအက်စတာက ဆိုသည်။

သို့ရာတွင် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ရဲဘော်စတားကမူ တော်လှန်ရေးကာလဖြစ်သည့်အတွက် လက်နက်ကိုင်ထားသည့် ပျူစောထီးများသည် စစ်ကောင်စီ ဒေါက်တိုင်များဖြစ်ပြီး စစ်ရေးပစ်မှတ်ထဲ အကျုံးဝင်သဖြင့် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကောင်စီသတင်းပေးသူလျှို၊ စစ်ကောင်စီနှင့်ပူးပေါင်းသူများသည် တော်လှန်ရေးအင်အားစုများအတွက် သာမက အများပြည်သူလုံခြုံရေးကိုပါထိခိုက်နိုင်သဖြင့် တော်လှန်ရေးလိုအပ်ချက်အရ အရေးယူ ဆောင်ရွက်ခြင်းမျိုး ရှိကြောင်း ရဲဘော်စတားက ပြောသည်။

သို့သော် တော်လှန်ရေးအင်အားစုများအနေဖြင့် မှားယွင်းပြီး ဖမ်းဆီးသတ်ဖြတ်ခြင်းမဖြစ်စေရန် သတိကြီးစွာဖြင့် ကိုင်တွယ်ရမည့်ကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတ်ဖြတ်မှုများ လျှော့ချရေး

ထားဝယ်ဒေသရှိ PDF ရဲဘော်တစ်ဦးကမူ လက်ရှိဖြစ်နေသည့် အခင်းအကျင်းကို တော်လှန်ရေးအင်အားစု အချင်းချင်း အပြန်အလှန် ထိန်းကျောင်းကြရန် လိုအပ်သလို ကြားကာလတရားစီရင်ရေးတစ်ခု လိုအပ်နေကြောင်း ဆိုသည်။

“ဥပဒေမှာတောင် သေဒဏ်ချတဲ့ အကျဉ်းသားတစ်ယောက်ဟာ အယူခံဝင်ပိုင်ခွင့်တွေဆိုတာရှိတယ်။ ရပိုင်ခွင့်တွေ ရှိတယ်။ လူတစ်ယောက်ကို တစ်ယောက်ယောက်က အပြစ်ရှိတယ်ဆိုပြီး စွပ်စွဲလိုက်တဲ့အချိန်မှာ အဲဒီလူကို အပြစ်ရှိ တယ်သတ်မှတ်ပြီး သတ်လိုက်တာက မဖြစ်သင့်ဘူးပေါ့။ လူတစ်ယောက်မှာ ရှင်းပြပိုင်ခွင့် ခုခံချေပပိုင်ခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။

လောင်းလုံးမြို့နယ်အတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးကလည်း သတ်ဖြတ်မှုဖြစ်စဉ်များ လျော့နည်းလာစေရေး ထိန်းသိမ်းကြပ်မတ်ရမည့်တာဝန်မှာ နယ်မြေအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကာကွယ်ရေးဝန်ကြီး အပါအဝင် တိုင်းနှင့်မြို့နယ် အဆင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်များတွင် အဓိကတာဝန်ရှိကြောင်း ထောက်ပြသည်။

အရပ်သားသေဆုံးမှုကို တော်လှန်ရေးကာလဟုဆိုကာ ခြွင်းချက်သဘောထား၍မရဘဲ လျှော့ချရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့ လှုပ်ရှားနယ်မြေတွေမှာ ဖြစ်နေတဲ့ကိစ္စတွေမှာ ဘယ်လိုပဲပြောပြော သူတို့မှာတာဝန်ရှိတယ်။ တို့လုပ်တာ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့တော့ လျစ်လျူရှုပြီး ထားထားလို့ရတဲ့ကိစ္စမဟုတ်ဘူး” အထက်ပါ အမျိုးသားက ပြောသည်။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ရဲဘော်စတားကမူ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ ပကဖအဖွဲ့များသည် စစ်သည်တော်ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများကို အောက်ခြေတပ်ဖွဲ့များ လိုက်နာကြရန် ကြပ်မတ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ယင်းကဲ့သို့ သတ်ဖြတ်နေသည့်ကိစ္စများမှာ အမိန့်ပေးသူတွင် အဓိကတာဝန်ရှိပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရမည်ဖြစ်ကာ မှားယွင်းသတ်ဖြတ်မိပါကလည်း ဆင့်ကဲအပြစ်ပေးခြင်းကို ခံယူရမည်ဖြစ်ကြောင်း ရဲဘော်စတားက ဆိုသည်။

“အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေအပေါ်မှာ ဒီလိုမျိုးကျူးလွန်တာကိုတော့ ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။ ကျူးလွန်တဲ့အဖွဲ့တွေကိုလည်း ကျွန်တော်တို့ ထိထိရောက်ရောက် အရေးယူကိုင်တွယ်လျက်ရှိပါတယ်ဆိုတဲ့ အကြောင်းလေး ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

အရေးယူဆောင်ရွက်သည့်အပိုင်းတွင် အဆင့်လိုက်ရှိပြီး ကနဦးတွင် သက်ဆိုင်သည့်အဖွဲ့များကို အသေးစိတ် အစီရင်ခံစာတင်ပြခိုင်းကြောင်း ၎င်းက ရှင်းပြသည်။

ထို့နောက် NUG ဗဟိုကိုပြန်တင်ပြပြီး လိုအပ်ပါက ယင်းဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများ ထပ်လုပ်ကာ တရားစီရင်ရေးဖြင့် ကိုင်တွယ်ရမည်ဆိုပါက စစ်ခုံရုံးဖွဲ့စည်းပြီး အရေးယူဆောင်ရွက်နေကြောင်း ရဲဘော်စတားက ဆိုသည်။

“NUG အောက်မှာရှိတဲ့ ပကဖတွေသည် NUG က သတ်မှတ်ထားတဲ့ စစ်ရေးဆိုင်ရာ စည်းကမ်းချက်တွေ၊ အရပ်သား ပြည်သူနဲ့ပတ်သက်တဲ့ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းချက်တွေအပေါ်မှာ နိုင်ငံတကာ ဥပဒေအပေါ်မှာ လေးစားလိုက်နာရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိတယ်။ သတ်မှတ်ချက်အတိုင်း လိုက်နာနိုင်တယ်ဆိုမှ ကျွန်တော်တို့က လက်ခံပြီးတော့ ဖွဲ့စည်းထားတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် အရေးယူဆောင်ရွက်မှု မူဝါဒများချမှတ်ထားသော်လည်း စည်းကမ်း ချိုးဖောက်သည့် တပ်ဖွဲ့၊ တပ်ဖွဲ့ဝင်များအား အရေးယူဆောင်ရွက်သည့်အပိုင်းမှာ အားနည်းနေဆဲဖြစ်ကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိသည်။

မြေပြင်တွင်လည်း စစ်ကောင်စီသတင်းပေးဒလန်ဟုဆိုကာ ဖမ်းဆီးသတ်ဖြတ်မှုများက တရားလက်လွတ်ဖြစ်နေပြီး ခုခံချေပခွင့်အလျဉ်းမရှိဘဲ သေဆုံးနေကြရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးကအစ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) အကြောင်းခပ်စိပ်စိပ်ပြောနေသော်လည်း တကယ့်မြေပြင်တွင် ထိထိရောက်ရောက် လုပ်ဆောင်ရန်လိုအပ်ကြောင်း လောင်းလုံးမြို့နယ်နေ အမျိုးသားတစ်ဦးက ဆိုသည်။

“တကယ့်မြေပြင်မှာ အမိန့်ပေးကွပ်ကဲမှုစနစ်ရှိရှိနဲ့ သွားဖို့လိုတယ်ပေါ့ဗျာ။ အပြစ်ရှိသူတွေကို အပြစ်ပေးအရေးယူရမယ်။ အတတ်နိုင်ဆုံး အရပ်သားထိခိုက်မှုတွေကို လျှော့ချဖို့လိုတယ်ဗျာ” ဟု အထက်ပါအမျိုးသားက ပြောသည်။