BREAKING
September 21, 2024

မလွှဲတောင် - ထားဝယ်ကားလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များတိုးလာ

September 13, 2024

ပုံစာ - ဘုရားမဲဂိတ်။ ဓာတ်ပုံ - ဗထူးတပ်မတော်

ရေး-ထားဝယ်ကားလမ်း(အမှတ် ၈ ပြည်ထောင်စုကားလမ်းမ) ရှိ မလွှဲတောင်မှ ထားဝယ်မြို့အထိ လမ်းပိုင်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များ ပိုတိုးလာကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားများထံမှသိရသည်။

ယခင်က မလွှဲတောင်ဂိတ် ၊ ကလိန်အောင်တံတားဂိတ် ၊ ဘုရားမဲဂိတ် နှင့် အိမ်ရှေ့ပြင်တို့တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် လေးခုသာရှိသော်လည်း ဩဂုတ်လကစပြီး စစ်ဆေးရေး ဂိတ်နှစ်ခု ထပ်တိုးလာကြောင်း ၎င်းတို့ကဆိုသည်။

ရေဖြူတံတားဂိတ်နှင့် ကလုံးထာအဝင်လမ်းအနီးရှိ ခမရ ၄ဝ၆ နှင့် ၄ဝ၇ တပ်ရင်း အရှေ့ရှိ စစ်ဆေးရေးဂိတ် တို့ထပ်တိုးလာခြင်းဖြစ်သည်။

” ရေဖြူမြို့ထဲ နေရာသစ်ဆိုင်နားမှာ စစ်တပ်က ကျောင်းကား ပစ်ခံရပြီးကတည်းက ရေဖြူမှာ ဂိတ်လာဖွင့်လိုက်တယ် ” ဟု ရေဖြူမြို့ခံတစ်ဦးကပြောသည်။

ခမရ ၄ဝ၆ နှင့် ၄ဝ၇ တပ်ရင်းနှစ်ခုအရှေ့ရှိ စစ်ဆေးရေးဂိတ်သည် အမြဲတမ်းစစ်ဆေးရေးဂိတ် ပုံစံမဟုတ်ဘဲ တစ်ပတ်လျှင် နှစ်ကြိမ်ထက်မနည်း ရှောင်တခင်ထွက်စစ်လေ့ရှိကြောင်း ယာဉ်မောင်းတစ်ဦးကပြောသည်။

” အခြားဂိတ်တွေလိုပဲ မှတ်ပုံတင်စစ်တယ် ။ မေးတယ် အသွားအလာ ဘယ်သွားမလဲ ၊ဘာလုပ်မလဲပေါ့။ ကားသမားတွေဆီမှာတော့ ဘော်ဒါကြေးတောင်းတယ် “ ဟု၎င်းကဆက်ပြောသည်။

ထားဝယ်မြို့နယ်အပိုင်းရှိ အိမ်ရှေ့ပြင်ဂိတ်နှင့်ဘုရားမဲဂိတ်ကို စစ်ကောင်စီ ကြည်းတပ်က စစ်ကောင်စီတပ်သားများ ဂိတ်ထိုင်ကြောင်း၊ ရေဖြူမြို့နယ်အပိုင်းရှိ ရေဖြူနှင့် ကလိန်အောင်တံတားများတွင်မူ မောရဝတီရေတပ်က အရာရှိများကကြီးကြပ်၍ တပ်နယ်အတွင်းရှိခြေလျင်၊ခြေမြန်တပ်ရင်း များက စစ်သားများ ဂိတ်ထိုင်သည်ဟု မျက်မြင်တွေ့ရှိရသည့် ခရီးသွားများက ပြောပြသည်။

လမ်းပိုင်းတွင် ဂိတ်အရေအတွက်များလာပြီး ဒေသခံမဟုတ်သည့် ခရီးသွားများ ပို၍ အစစ်ဆေးခံရပြီး ငွေကြေးပေးဆောင်ရမှုများလည်းရှိသည်ဟု ‌ခရီးသွားများထံကသိရသည်။

” ၆ မျဉ်းစောင်း မှတ်ပုံတင် (တနင်္သာရီတိုင်း) မဟုတ်တဲ့ သူတစ်ယောက် ကားပေါ်ပါလာရင် ပိုက်ဆံ နှစ်ထောင်စီပေးမှရတော့တယ်။ မပေးရင် ပေးမသွားဘဲ ရစ်နေတယ် ။ ကလိန်အောင်နဲ့ရေဖြူမှာ ပေးရတယ် ။ ကျန်နှစ်ဂိတ်ကတော့ မပေးရဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ‌အမျိုးသမီးတစ်ဦးကပြောပြသည်။

လမ်းပိုင်းတွင် ဂိတ်များပိုများလာသဖြင့် အရေးပေါ်လူနာပို့ဆောင်ရာတွင်လည်း ခရီးလမ်းကြန့်ကြာသည်ဟု ရေဖြူမြို့နယ် အခြေစိုက် လူမှုကူညီရေးအသင်များက ဆိုသည်။

” လမ်းမှာရှိတဲ့ အခြားဂိတ်တွေထက် ဘုရားမဲက အဆိုးဆုံးပဲ ၊ အရေးပေါ်ဖြစ်နေတာကို စစ်မေးတာတစ်ခုချင်း မေးတယ် ။ အခုမိုးရာသီဆိုရင်ပိုဆိုးတယ် ။ မိုးရေထဲ လူနာနဲ့ အကြာကြီးဝင်အစစ်ခံရတယ်။ ” ဟု အမည်မဖော်လိုသည့် ရေဖြူမြို့နယ်က ပရဟိတအသင်း ယာဉ်မောင်းတစ်ဦးကပြောသည်။

ရေး – ထားဝယ်ကားလမ်းပိုင်း မလွှဲတောင်-ထားဝယ်အပိုင်း၌ ဇူလိုင်လ နှင့် ဩဂုတ်လ နှစ်လအတွင်း စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှု ၃ကြိမ် နှင့် ကြားဖြတ်တိုက်ခိုက်ခံရမှု ၆ကြိမ်ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မှတ်တမ်းများအရသိရသည်။