BREAKING
September 20, 2024

ကျိုက်ထိုတော်လှန်ရေးအဖွဲ့ဝင်နေအိမ်များ ဆက်တိုက်ချိပ်ပိတ်ခံရ

September 13, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းမှု ဆက်တိုက်ပြုလုပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် (၃) ရပ်ကွက်ကြီးရှိ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့ဝင် ဦးစံရ၏ နေအိမ်ကို စစ်ကောင်စီတပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့တို့က လာရောက်ချိပ်ပိတ် ကြောင်း ဒေသခံတို့ထံမှ သိရသည်။  

“PDF တွေ၊ တော်လှန်ရေးမှာပါတဲ့လူတွေရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို ဒီတလော ဆက်တိုက်ချိပ်ပိတ်လာတာ တွေ့ရတယ်။ အဓိက အဲဒီလူတွေကို အကြမ်းဖက်တိုက်ဖျက်မှုဥပဒေပုဒ်မတွေတပ်ပြီးတော့ သူတို့ပိုင်ဆိုင်မှုတွေကို လိုက်သိမ်းဆည်းနေတာ” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ KRF တပ်ဖွဲ့ဝင် ကိုရန်ရှင်း၏ နေအိမ်နှင့် ဂိုဒေါင်တစ်လုံးကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့သေးသည်။

ယင်းအပြင် ဩဂုတ် ၁၇ ရက်နေ့က ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ KRF တပ်ဖွဲ့မှ ကိုရဲသွေးညီ နေထိုင်ခဲ့ဖူးသည့် ယောက္ခမဖြစ်သူ၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေးအင်အားစုအဖွဲ့ဝင် အိမ်များအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီထောက်ခံသူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ နေအိမ်များကိုလည်း စစ်ကောင်စီက ချိပ်ပိတ်မှု ဆက်တိုက်ပြုလုပ်လာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်အတွင်း နေအိမ် ၂၀ လုံးထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဒေသခံများကို မေးမြန်းထားချက်များအရသိရသည်။

အလားတူ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှ ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကိုစိုးထိုက်အောင်၏ နေအိမ်ကိုလည်း စစ်ကောင်စီက ဩဂုတ် ၂၈ ရက်နေ့က ချိပ်ပိတ်သိမ်းဆည်းခဲ့သေးသည်။

နေအိမ်ချိပ်ပိတ်ခံရသည့် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက သေဒဏ်၊ ထောင်ဒဏ်တစ် သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။

NLD ပါတီက ဇွန်လအတွင်းက ထုတ်ပြန်ထားချက်အရ စစ်တပ်အာဏာသိမ်းထားသည့် ၂ နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးက အရပ်သားပြည်သူ ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။