BREAKING
September 16, 2024

ဘီးလင်းမြို့ဝင်ဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်းငါးဦးဒဏ်ရာရ

August 13, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့ မြို့အဝင်ဘီးခွန်ကောက်ခံရေးဂိတ် ပစ်ခတ်ခံရပြီး အမျိုးသမီးနှစ်ဦးအပါအဝင် ဝန်ထမ်းငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၁၂ ရက် ည ၇ နာရီဝန်းကျင်တွင် ဘီးလင်းဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးပေါ်ရှိ သေနတ်သမားတို့က ဘီးခွန်ကောက်ခံရေးဂိတ်ကို ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဘီးခွန်ကောက်ခံရေးဂိတ်ရှိ ဝန်ထမ်း အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားသုံးဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ပစ်ခတ်ခံရတဲ့ဂိတ်ကတော့ မြို့ဝင်ကြေးကောက်ခံတဲ့ဂိတ်၊ စစ်သားတွေ ဘာတွေတော့ မရှိဘူး။ ဒါပေမဲ့ အဲဒီဂိတ်အနားမှာ တော့ စစ်တပ်ဂိတ်ရှိတယ်။ မှားပစ်သွားတာလားတော့ မသိဘူး။ အဲဒီမှာက ငွေကောက်တဲ့ဂိတ်က ဝန်ထမ်းတွေပဲရှိတော့ သူတို့ပဲ ထိသွားတယ်လေ” ဟု ၎င်းက ပြောသည်။

ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးကို မန္တလာမိသားစုကုမ္ပဏီက တာဝန်ယူလုပ်ဆောင်နေသည်ဟု သိရသည်။

ကျည်ထိမှန် ဒဏ်ရာရသည့် ဝန်ထမ်းတို့မှာ လူငယ်ပိုင်းနှင့် သက်လတ်ပိုင်းများဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရသေးကြောင်း အထက်ပါ ဘီးလင်းမြို့ခံက ပြောဆိုသည်။

အဆိုပါဂိတ်အား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။

ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ် ပစ်ခတ်ခံမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသလို ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထုတ်ပြန်ခြင်း မရှိသေးပေ။

ဘီးလင်းမြို့ဝင်ကြေး ကောက်ခံရေးဂိတ်အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တို့က မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိကြောင်းဒေသခံတို့ထံမှ သိရသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ဂိတ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သလို အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။