BREAKING
September 16, 2024

ရေးဘီလူးအဖွဲ့က တပ်ဖွဲ့ဝင်နှစ်ဦးထွက်ပြေး

August 13, 2024

ပုံစာ - ရေးဘီလူးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - ရေးဘီလူး။

ရေးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ က တပ်ဖွဲ့ဝင်နှစ်ဦး ဩဂုတ်လ ၁၁ ရက်က ထွက်ပြေးသွားကြောင်း ယင်းတပ်ဖွဲ့ထံကသိရသည်။

ထွက်ပြေးသွားသူနှစ်ဦးသည် စစ်ကိုင်းတိုင်း၊ ကော့လင်းမြို့နယ်က ကိုအောင်မင်းပိုင်နှင့် မကွေးမြို့က ကိုစိုးတို့ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြုပေးသည်။

“ကင်းစောင့်နေရင်း ရှေ့တန်းမှာ ထွက်ပြေးသွားကြတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါထွက်ပြေးသူနှစ်ဦးသည် ရေးဘီလူးအဖွဲ့တွင် အသွင်ယူနေသည့် စစ်ကောင်စီတပ်ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီး စာရေးတို့ ဖြစ်ကြပြီး မိခင်တပ်ရင်းများကို ပြန်ရောက်နေပြီဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြနေကြသည်။

ယင်းဖော်ပြချက်နှင့် ပတ်သက်၍ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “စစ်ကောင်စီတပ်ဖွဲ့ဝင်လား၊ ဒလန်လာလုပ်တာလား အတိအကျတော့မသိရဘူးပေါ့ဗျာ။ ဒါပေမဲ့ သူဟာသူ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တပ်ဖွဲ့ရဲ့သင်တန်းကိုတက်ပြီး ရှေ့တန်းကို ထွက်ရတယ်။ အခုလို ရှေ့တန်းရောက်ပြီးမှ ထွက်ပြေးတာက သစ္စာဖောက်တာပါပဲ။ တယ်လီဂရမ်တွေမှာ ဝေဖန်နေ၊ ပြောနေသလို သုံးသပ်လို့လည်းရတယ်” ဟု Dawei Watch သို့ ဖြေကြားသည်။

Dawei Watch အနေဖြင့်လည်း ထွက်ပြေးသွားသူနှစ်ဦးနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရေးဘီလူးအဖွဲ့သို့ လာရောက်သည့် တပ်သားသစ်များကို အသက်ပြည့်မီ၍ ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း စစ်ဆေးခံရသည့်အပြင် တော်လှန်ရေးပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု တပ်ဖွဲ့ထဲ မဝင်မီကတည်းက လျှောက်လွှာများဖြည့်ရ‌ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

ရေးဘီလူးအဖွဲ့သည် ရေး-ထားဝယ်ကားလမ်းပိုင်းရှိ ရေးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်ပြီး ၂ဝ၂၃ ခုနှစ် ၊ ဒီဇင်ဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲမှုအောက်ရှိ အထူးစစ်ဆင်ရေးအဖွဲ့ ၏ တပ်ခွဲတစ်ခုအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။