BREAKING
December 26, 2024

လောင်းလုံး သဘော့ဆိပ်ရွာအနီး လက်နက်ကြီးကျည်များကျ၊ ရွာအနီးပင်လယ်ပြင်တွင် စစ်သင်္ဘောနှစ်စီးနေရာယူ

August 13, 2024

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာ အရှေ့ဘက်တွင် ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။

ညနေ ၆ နာရီဝန်းကျင်တွင် သဘော့ဆိပ်ရွာ အရှေ့ဘက် တောတန်းတစ်လျှောက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသမီးက ပြောသည်။

“လက်နက်ကြီး သုံးလုံးကျတယ်။ တော်တော်ကြမ်းတယ်။ ရွာထဲကိုတော့ မကျဘူး” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ လက်နက်ကြီးကျည်များမှာ မည်သည့်နေရာက ပစ်ခဲ့သည်ဆိုသည်ကိုမူ အသေးစိတ် မသိရသေးပေ။

ဒေသခံအချို့ကမူ လောင်းလုံးမြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၀၄ ဘက်က ပစ်ခတ်ခြင်းကြောင်း ဆိုသည်။

“ညနေက ၁၀၄ ထဲ (စစ်ကောင်စီတပ်သားတွေ) မြေတင်ကားတွေနဲ့ ဝင်သွားသလို အပြင်မှာလည်း ထွက်စစ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နောက်ထပ် ဒေသခံအချို့ကမူ သဘော့ဆိပ်ရွာအနီးရောက်နေသည့် ရေတပ် စစ်သင်္ဘောများက ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်စောစောတွင် သဘော့ဆိပ် ကရင်ကြီးရွာ အနောက်ဘက် ပင်လယ်တွင် ရေတပ်သင်္ဘော နှစ်စီး နေရာ ချထားသလို လှည့်လည်သွားလာနေသည့် သင်္ဘောအချို့လည်းရှိနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဒေသခံများမှာ ယနေ့ နံနက်တွင် အခြေအနေစောင့် ကြည့်နေကြရကြောင်း ဆိုသည်။

ဩဂုတ်လ ၈ရက်က လောင်းလုံးမြို့နယ် မောင်းမကန်နယ် မြေရဲစခန်း ဒရုံးဗုံးချ တိုက်ခိုက်ခံရသည်။

ယခင်ကလည်း မောင်းမကန် နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးတိုင်း စစ်ကောင်စီ ရေတပ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို ရေတပ်သင်္ဘောများလည်း လာလေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယခုတစ်ကြိမ်တွင် မည်သည့်အကြောင်းအရင်းကြောင့် ရေတပ်သင်္ဘောနှစ်စင်း ချထားသည်ကိုမူ တိတိကျကျ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

ရေတပ်သင်္ဘောများမှာ မောင်းမကန်ကမ်းခြေအနီးနှင့် ထားဝယ် အထူးစီးပွားရေဇုန်အနီး ရေပြင်တွင် အမြဲတမ်း ကင်းလှည့်သွားလာနေကြောင်း ဒေသခံများက ပြောသည်။