BREAKING
October 18, 2024

ထိုင်းတွင် အားလပ်ရက်ခရီးအတွင်း မြန်မာမိန်းကလေးတစ်ဦး ရေနစ်သေဆုံး

August 13, 2024

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် ခေါင်ယိုင်အမျိုးသားဥယျာဉ်အတွင်းရှိ အပန်းဖြေရေစီးမြောင်းတစ်ခုတွင် အားလပ်ရက် ခရီးထွက်လာသော မြန်မာမိသားစုက အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဥယျာဉ်ထဲရှိ ရေစီးမြောင်းထဲတွင် ဩဂုတ်လ ၁၂ ရက် ညနေ ၅ နာရီခန့်က ရေကစားနေစဉ် ရေဖြင့် မျောပါနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေး ရေငုပ်သမား ၃၀ ကျော်က ရှာဖွေခဲ့သော်လည်း မိနစ် ၃၀ ကျော်အကြာတွင် ရေလယ်၌ အလောင်းကိုသာ တွေ့ရှိခဲ့ကြကြောင်း ဆိုသည်။

အဆိုပါ မိန်းကလေးသည် ချာချင်ဆောင်ခရိုင်တွင် နေထိုင်နေသူဖြစ်ပြီး ပရာကျင်ဘူရီရှိ ဆွေမျိုးများထံသို့ အလည်လာစဉ် ရေတံခွန်တွင် လာရောက်ရေကစားခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးဖြစ်သူက ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။

မိန်းကလေးသည် အခြားသူများနှင့်အတူ ရေကစားနေစဉ် ရေနစ်ခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များနှင့် အနီးရှိသူများက ချက်ချင်း ရှာဖွေခဲ့ကြသော်လည်း ရေနက်ပြီး ကျောက်တုံးများ၊ ရွှံ့များ ရှိနေသဖြင့် အချိန်မီ ပြန်မတွေ့ခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထား သည်။

မိန်းကလေးငယ်သည် ရေမကူးတတ်သူဖြစ်ပြီး သူကိုယ်တိုင်လည်း ရေအနက်ကို တိတိကျကျမသိသဖြင့် ရေနစ်သွားပြီး မျောပါသွားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

လက်ရှိတွင် ခေါင်းယိုင်အမျိုးသားဥယျာဉ်အတွင်းရှိ ခရီးသွားနေရာ ၅ ခုတွင် ရေကြီး ရေနစ်မြုပ်နိုင်သည့် အန္တရာယ်သတိပေးချက်များ ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Ref: MGR Online, Khaosod English, Matichon Online