စီရော်နယ်ဒို၏ပုံရိပ်ကြောင့် လူသိများ ထင်ရှားလာခဲ့ပြီဖြစ်သော ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာသည် အာရပ်ကလပ်ချန်ပီယံဖလားဗိုလ်လုပွဲတွင် အခါးသီးဆုံးပြိုင်ဘက်ဖြစ်သော ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်လ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်သွားခဲ့ပြီဖြစ်သည်။
အယ်လ်နတ်စ်ဆာသည် ဘုရင်ဆယ်လ်မွန်ချန်ပီယံဖလား(ခေါ်)အာရပ်ကလပ်ချန်ပီယံဖလားပြိုင်ပွဲတွင် ၁၉၉၅ ခုနှစ်နောက်ပိုင်း၌ ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်နိုင်သည့် မှတ်တမ်းကို စီရော်နယ်ဒို၏လက်ထက်တွင် ရေးထိုးလိုက်ခဲ့ပြီးနောက် ယခုမှတ်တမ်းသစ်ကို ဆက်လက်ရရှိသွားခဲ့ခြင်းဖြစ်သည်။
အယ်လ်နတ်စ်သည် ယခင်က အာရပ်ကလပ်ချန်ပီယံဖလားပွဲ၌ အမြင့်ဆုံးအဖြစ် ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ခဲ့ဖူးကာ ဖိုင်နယ်အဆင့်နှင့် လွဲချော်ခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင်မူ အယ်လ်နတ်စ်ဆာက ဖိုင်နယ်အဆင့်သို့ အသင်းသမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် တက်လှမ်းနိုင်ရာ၌ စီရော်နယ်ဒို၏သွင်းဂိုးများဖြင့် ချန်ပီယံဖြစ်ခွင့်ကို ရယူသွားနိုင်ခဲ့ပြီဖြစ်သည်။
စီရော်နယ်ဒို ဦးဆောင်သော အယ်လ်နတ်စ်ဆာအသင်းသည် အာရပ်ကလပ်ချန်ပီယံဖလားဗိုလ်လုပွဲတွင် အယ်လ်ဟီလယ်လ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ကစားခဲ့ရပြီး အယ်လ်ဟီလယ်လ်က ပွဲချိန် ၅၁ မိနစ်တွင် မိုက်ကယ်လ် သွင်းယူလိုက်သောဂိုးဖြင့် အယ်လ်နတ်စ်ဆာကို ဦးဆောင်ကစားသွားခဲ့သည်။








ပွဲကစားချိန် ၇၁ မိနစ်သို့အရောက်တွင် အယ်လ်နတ်စ်ဆာကစားသမား အယ်လ်အမ်ရီ အနီကတ်ပြသ ထုတ်ပယ်ခံလိုက်ရသည့်အတွက် အယ်လ်နတ်စ်ဆာမှာ လူ ၁၀ ယောက်တည်းဖြင့် အယ်လ်ဟီလယ်လ်ကို ရင်ဆိုင်ရသောအခြေအနေဖြစ်သွားပြီး ယင်းအခြေအနေမှနေ၍ ရလဒ်ကို အယ်လ်နတ်စ်ဆာကို ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်သည်။
စီရော်နယ်ဒိုသည် ပွဲကစားချိန် ၇၈ မိနစ်တွင် အယ်လ်နတ်စ်ဆာအတွက် အရေးပါသော ချေပဂိုးကို သွင်းယူပေးလိုက်ပြီး သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း တစ်ဖက်နှင့် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည့်အတွက် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာတွင် အယ်လ်နတ်စ်ဆာအတွက် အဖိုးတန်အနိုင်ဂိုးကို ပွဲချိန် ၉၈ မိနစ်၌ စီရော်နယ်ဒိုက ဆက်လက်ရယူပေးလိုက်ခြင်းဖြစ်သည်။
အယ်လ်နတ်စ်ဆာသည် ပွဲကစားချိန် ၁၀၂ မိနစ်တွင် နည်းပြ လူးဝစ္စ ကတ်စ်ထရို ကို ကွင်းလယ်ဒိုင်လူကြီးက အနီကတ်ပြသထုတ်ပယ်သောအခြေအနေကိုလည်း ဆက်လက် ရင်ဆိုင်ခဲ့ရပြီး လက်ကျန်ပွဲချိန်များတွင် အယ်လ်ဟီလယ်လ်က ချေပဂိုးသွင်းယူနိုင်ရန် ကြိုးစားသော်လည်း အယ်လ်နတ်စ်ဆာက အကောင်းဆုံးခုခံ တုံ့ပြန်သွားနိုင်ခဲ့သည့်အတွက် အဆုံးသတ်တွင် စီရော်နယ်ဒို ဦးဆောင်သော အယ်လ်နတ်စ်ဆာက အာရပ်ကလပ်ချန်ပီယံဖလားကို အသင်းသမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးကိုင်မြှောက်ခွင့်ရရှိသွားခဲ့သည်။
ယခုဆုဖလားသည် စီရော်နယ်ဒိုအတွက်လည်း အယ်လ်နတ်ဆာအသင်းထံသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးသည့်နောက်တွင် ပထမဆုံးဆွတ်ခူးနိုင်သော ဆုဖလားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။