BREAKING
November 23, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

July 13, 2024

[အခန်း ၅]

“မေမေရေ . . . မမရေ” “မေမေရေ . . . မမရေ” “မေမေရေ . . . မမရေ”

ကြည်ကြည် နှုတ်မှ တတွတ်တွတ်ရွတ်ရင်း အာခေါင်များ ခြောက်လာသည်။

နှာခေါင်းအတွင်း သူမ မရင်းနှီးသည့် အနံ့အသက်တို့ စုပြုံဝင်လာ၏။

မျက်လုံးတို့ ဖွင့်ကြည့်လိုက်သည်။

မှောင်မဲနေ၏။

“ငါ သေသွားပြီလား . . . မဟုတ်သေးပါဘူး”

အိပဲ့အိပဲ့နှင့် လှုပ်ရှားသွားလာနေသော တစ်စုံတစ်ခုပေါ်တွင် သူမ ရောက်နေမှန်းတော့ ခံစားမိလိုက်သည်။

“ကလောက် . . . ကလောက် . . . ကလောက်”

ရှေ့ခပ်လှမ်းလှမ်းမှ စည်းချက်ညီညီ လှုပ်ယမ်းနေသော . . . ခလောက်သံ။

သူမ လှုပ်ရှားကြည့်သည်။ မရ။ လက်နှစ်ဖက်ကို ကြိုးဖြင့် ခပ်တင်းတင်းပူးချည်ထားခြင်းခံရသည်ကိုး။

ခြေထောက်တွေလည်း ရုန်းကန်ကြည့်သည်။ မရ။ ခြေထောက်လည်း ထိုနည်းလည်းကောင်း။

အသံထွက်ဖို့ ကြိုးစားကြည့်၏။ ပါးစပ်ထဲသို့ ဘာမှန်းမသိသည့် အမှုန်များ ဝင်ချလာသဖြင့် ပါးစပ်ကို ပိတ်ထားရသည်။

တစ်ခါတစ်ရံ တောင်ဂမူ၊ တခါတရံချိုင့်ဝှမ်း..လမ်းကြမ်းကြမ်းဒဏ်များကို သူမ ကျောကော့နေအောင် ခံစားရ၏။

ခဏအကြာတွင်တော့ လူသံများ ဆူဆူညံညံကြားရသည်။

ရပ်သွားပြီ။

သူမအပေါ်တွင် ဖိအုပ်ထားသော အရာများကို လူတစ်စုက တစ်ထပ်ချင်း ခွာချနေသည်။

အလင်း‌‌ရောင်သဲ့သဲ့။ နောက် သူမ မရင်းနှီးသော မျက်နှာတစ်ခု။

ကမ္ဘာစစ်လက်ကျန်စစ်ဖျင်ကြမ်းအင်္ကျီဝတ်ထားပြီး ရိုင်ဖယ်လွယ်ထားသော လူတစ်ယောက်က ကြည်ကြည်၏ ခြေထောက်တွင် ချည်ထားသော ကြိုးများကို ဓါးဖြင့် ဖြတ်ပေးနေသည်။

“ဟိုကောင် . . . ဘယ်လို ချည်လွှတ်လိုက်လဲမသိပါဘူး . . . ကြိုးက ဓါးနဲ့ဖြတ်တာတောင် မနည်းဖြတ်နေရတယ်”

ထားဝယ်စကားသံကို ကြည်ကြည် အားစိုက်နားထောင်နေလိုက်၏။

“ကဲ . . . ဆင်း . . . အမိ”

ထိုသူက ကြည့်ကြည့်ကို ဆွဲထူလိုက်သည်။

ရုတ်တရက်မို့ ကြည့်ကြည့် ခြေထောက်တို့ က မတ်တတ်မရပ်နိုင်။

“ကြိုးက ချည်ထားတာ ကြပ်တဲ့အပြင် လှည်းပေါ်မှာလည်း ကြာလို့ထင်ပါရဲ့ . . . ခြေထောက်တွေ ရုတ်တရက်သွေးမလျှောက်တာဖြစ်မယ် . . . ဟေ့ . . . လာကြပါဦးဟ . . . ဒီမှာ . . . တွဲကူကြပါဦး”

နောက်ထပ်လူသုံးလေးယောက်က ကြည်ကြည့်ကို ဝိုင်းမကာ အောက်သို့ ချလိုက်ကြ၏။

ထိုအခါမှ သူမကို တင်လာသည်မှာ နွားလှည်းတစ်စီးဖြစ်ကြောင်း ကြည်ကြည် သိလိုက်ရသည်။

မီးသွေးခြင်းများတင်သည့် နွားလှည်းတွင် သူမအား အထပ်ထပ်အုပ်ကာ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ကြည်ကြည်က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်၏။

သစ်တောအုပ်အတွင်း ဟိုတစ်စု ဒီတစ်စု တဲကလေးများ။ ချက်ပြုတ်နေကြသော အမျိုးသမီးအချို့။

ရိုင်ဖယ်သေနတ်ကိုယ်စီ၊ စစ်ယူနီဖောင်းမျိုးစုံနှင့် လူများ။

“သွား . . . ဟိုရှေ့က တဲထဲမှာ ခင်ဗျားကို တွေ့ရမယ့်သူ စောင့်နေတယ်”

သူမအား ကြိုးဖြည်ပေးခဲ့သည့် သူမ ပုခုံးကို နောက်မှ ခပ်ဆတ်ဆတ်တွန်းလိုက်၏။

ခပ်လှမ်းလှမ်းတဲကြီးတစ်လုံးရှေ့တွင် တူတံစဉ်အလံနှင့် မော်စီတုံးပုံကို ချိတ်ထားသည်ကိုမြင်မှ တောတွင်းကွန်မြူနစ်စခန်းတစ်ခုကို ရောက်နေမှန်းသိလိုက်သည်။

ထိုသူက မော်စီတုံးပုံချိတ်ထားသော တဲကြီးဘေးမှ ခပ်ရွယ်ရွယ်တဲတစ်လုံးရှေ့တွင် ရပ်ခိုင်းလိုက်၏။

“ကဲ . . . အထဲမှာ ခင်ဗျားကို စောင့်နေတယ် . . . ဝင်သွား”

ကြည်ကြည် ရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။ တူမလေး မိုးကြည်များလား။

ကြည်ကြည် တဲထဲသို့ အကဲခတ်လိုက်၏။

တဲအတွင်း ကွပ်ပြစ်ပေါ်တွင် အသားဖြူဖြူ အမျိုးသမီးတစ်ဦးက ကွမ်းသီးများကို ကွမ်းညှပ်ဖြင့် ညှပ်နေရင်းမှ သူမကို လှမ်းကြည့်နေ၏။

“ဪ . . . ရောက်တောင်လာပြီကိုး . . . ရဲဘော်တင်မြင့်ရယ် . . . ဒီထိတောင် သူရောက်နေပြီးမှပဲ . . . လက်က ကြိုးကို ဖြည်‌ပေးလိုက်ပါ”

“ဖြစ်ပါ့မလား . . . မသွန်းစီ . . . သူက မောင်ရိန်ကိုတောင် အန္တရာယ်ပြုခဲ့သေးတာတဲ့နော်”

“ကဲပါ . . . အပြင်မှာလည်း ရဲဘော်တွေအများကြီးရှိနေတာပဲကို . . . ကျွန်မကို စိတ်မပူပါနဲ့ . . . အမျိုးသမီးသမဂ္ဂရုံးခန်းရှေ့မှာ အမျိုးသမီးတစ်ယောက်ကို ကြိုးတုပ်ထားတာကြီးက ကြားမကောင်းပါဘူး”

“အမျိုးသမီးသမဂ္ဂ”

ကြည်ကြည် နှုတ်မှ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထားဝယ်စကားကို အတိအကျ နားမလည်သော်လည်း “အမျိုးသမီးသမဂ္ဂ”ဆိုသည့် စကားလုံးကိုမူ ကြည်ကြည် ပီပီသသ နားလည်လိုက်ခြင်းပင်။

ရဲဘော်တင်မြင့်ဆိုသူက ကြည်ကြည်၏ လက်မှ ကြိုးများကို ဖြည်ပေး၏။

တဲအတွင်း လက်နှိပ်စက်များ၊ စာဖိုင်များက သပ်သပ်ရပ်ရပ်။

မသွန်းစီ ဆိုသည့်အမျိုးသမီးက သူမလက်ထဲမှ စာရွက်အပိုင်းလေးကို တချက်ငုံ့ကြည့်လိုက်သည်။

“ကဲ . . . နာမည်က ကြည်ကြည်နော် . . . လာ ဒီမှာ လာထိုင်ပါဦး”

ကြည်ကြည်က ကွပ်ပျစ်ပေါ်တွင် တက်ထိုင်လိုက်၏။

မီးခိုးမှိုင်းများဖြင့် မည်းတူးနေသည့် ရေနွေးခရားနှင့် ဝါးကျည်တောက်ကို မသွန်းစီ က ကြည်ကြည်ထံသို့ တွန်းပေးလိုက်သည်။

“ထားဝယ်လို ပြောတတ်ကဲ့လား”

ကြည်ကြည်က ခေါင်းခါပြလိုက်၏။

“ဒါဖြင့်လည်း ဗမာလိုပဲ ပြောကြတာပေါ့ . . . ညကတည်းက ဘာမှမစားရသေးဘူးထင်တယ် . . . ဒီမှာ ရှားရှားပါးပါးကောက်ညှင်းပေါင်းလေးရထားတာ စားလိုက်ပါဦး”

မသွန်းစီက ကောက်ညှင်းပေါင်း ပန်းကန်ကိုလည်း တွန်းပေးလိုက်သည်။

“ကျွန်မကိုယ် ကျွန်မ မိတ်ဆက်ဖို့မေ့နေတယ် . . . ကျွန်မ ရဲဘော်မသွန်းစီ ပါ၊ ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ ခေါင်းဆောင်တစ်ယောက်ပါ . . . မကြည်ကြည် . . . ”’

ကြည်ကြည်က ကောက်ညှင်းပေါင်းတစ်လုတ်ကို ပလုတ်ပလောင်းစားလိုက်၏။

“ကြည်ကြည်ဆွေပါ”

“ဟုတ်ပါပြီ . . . မကြည်ကြည်ဆွေ . . . တကယ်တော့ ပါတီရဲ့ စစ်ရေးအခြေအနေအရ ရန်သူ့သူလျှိုလို့ မသင်္ကာတာနဲ့ သေဒဏ်ပေးပြီးသားပါ . . . ဒါပေမယ့် . . . မကြည်ကြည်ဆွေနဲ့ တွေ့ခဲ့တဲ့ ရဲဘော်သူရိန်ရဲ့ သတင်းပေးချက်အရ . . . မကြည်ကြည်ဟာ ကျဆုံးသွားပြီဖြစ်တဲ့ ကျွန်မတို့ သမဂ္ဂခေါင်းဆောင် ရီရီ ရဲ့ ညီမလို့ ပြောတာရယ် . . . ရီရီ ရဲ့ သမီးလေးကို လာရှာတယ်လို့သိရတာရယ်ကြောင့် . . . ကျွန်မတို့က မိတ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ တိုင်းပါတီကေဒါများကို မေတ္တာရပ်ခံပြီး ဒီအထိ ခေါ်ယူခဲ့ရတာပါ . . . ဒါပေမယ့်”

မသွန်းစီက စကားကို ခဏရပ်ထားပြီး ကြည်ကြည်ဆွေကို သေချာစိုက်ကြည့်လိုက်သည်။

“အင်း . . . မျက်နှာပေါက်ကတော့ ရီရီ နဲ့ အတော်လေးကို ဆင်ပါတယ် . . . ဒါပေမယ့် . . . ဒီလောက်နဲ့ ယုံကြည်လို့ မရသေးဘူး . . . မကြည်ကြည်ဆွေ အသက်ကို ကျွန်မတို့က တာဝန်ခံပေးထားတာဖြစ်တဲ့အတွက် . . . ကျွန်မတို့ ယုံကြည်လောက်တဲ့ အ‌ထောက်အထားကိုတော့ စစ်မေးရပါလိမ့်မယ်”

ကြည်ကြည် က အေးစက်နေပြီဖြစ်သော ရေနွေးကို စွပ်ခနဲ မော့ချလိုက်သည်။

“ကျွန်မ ဒီကိုလာတာ ဘာရည်ရွယ်ချက် မှ မရှိဘူး . . . သေသွားပြီဖြစ်တဲ့ ကျွန်မအမရဲ့ ကလေးအတွက် ကျွန်မဟာ တစ်ဦးတည်းသောတာဝန်ရှိသူဖြစ်လို့ . . . သူ့ကို ပြန်ခေါ်ဖို့လာတာပါပဲ”

“ရဲဘော်မရီရီ ဟာ ဗမာပြည်ကွန်မြူနစ်ပါတီမြေပေါ်မှာရပ်တည်နေကတည်းက ကျွန်မတို့ရဲ့ သမဂ္ဂခေါင်းဆောင်တစ်ယောက်အနေနဲ့ သိခဲ့ရင်းနှီးခဲ့ကြတာပဲ . . . သူ့မှာ ညီမတစ်ယောက်ရှိခဲ့တယ်ဆိုတာ . . . ကျွန်မတို့ တစ်ခါမှ မသိခဲ့ရဘူး . . . မကြည်ကြည်ဆွေ”

“ကျွန်မအဖေက ရန်ကုန်မြို့၊ ငါးခြောက်ပွဲရုံပိုင်ရှင် သူဌေး ဦးဖေ ရဲ့ သား ဦးကျော်ဆွေပါ၊ ကျွန်မအမေက ထားဝယ်သူ ဒေါ်အမာ ။ အဖေနဲ့အမေက ကျွန်မ လေးနှစ်သမီးမှာ အိမ်ထောင်ကွဲပါတယ်။ ကျွန်မ အမ မမရီ က အမေနဲ့ ပါသွားပြီး . . . ကျွန်မက အဖေနဲ့ ကျန်ရစ်ခဲ့ပါတယ်။ ကျွန်မတို့ ညီအစ်မချင်းကတော့ ငယ်ငယ်ကတည်းက အမြဲတမ်းပဲ စာအဆက်အသွယ်ရှိပြီးသားပါ”

“ရှင် . . . ထားဝယ်ကိုရောရောက်ဖူးလား”

“မရောက်ဖူးပါဘူး”

“အမေနဲ့ ညီမ ရှိတာတောင် တစ်ခါမှ လာဖို့ မကြိုးစားဖူးလား . . . သူတို့က မခေါ်လို့လား”

“အမေလုပ်နေတဲ့ အလုပ်တွေကို ကျွန်မ အဘွားတွေက မကြိုက်ဘူး . . . ဒါကြောင့် . . . ကျွန်မကို ထားဝယ်ကို ပေးမသွားဘူး”

“ရှင့် အဖေကရော”

“အဖေက လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဆုံးသွားပါပြီ . . . ကျွန်မက အဖွားတွေရဲ့ အုပ်ထိန်းမှုအောက်မှာနေရတာပါ”

“ဟုတ်ပါပြီ . . . နောက်ဆုံး ကျွန်မသိချင်တာ . . . ရဲဘော်မ ရီရီ ကျဆုံးတာ သုံးနှစ်ရှိသွားပြီ . . . ရှင်က အခုမှ ဘာလို့ပေါ်လာတာလဲ . . . အဲ့ဒါကို ဖြေပါ”

မသွန်းစီ ၏ မေးခွန်းက ကြည့်ကြည့်ကို အကြပ်ရိုက်သွားစေသည်။

ထိုကာလများအတွင်း သူမ အမေရိကန်သို့ စစ်သင်တန်းတက်ရန်ရောက်ရှိနေခဲ့သည်ကို ပြောပြရန်လည်းမဖြစ်။

သူမသည် အစိုးရစစ်တပ်မှ ဖြစ်ကြောင်းသိလို့ မဖြစ်။

“ကျွန်မ . . . အဲ့ဒီတုန်းက . . . အလုပ်မအားလို့”

“သုံးနှစ်လုံးလုံး အလုပ်မအားရအောင် . . . ရှင်က ဘာအလုပ်လုပ်လို့လဲ”

ကြည်ကြည်ဆွေ ရုတ်တရတ်စဉ်းစားရခက်သွားသည်။

ထိုအချိန်တွင် တဲရှေ့မှ မော်တော်ဆိုင်ကယ်သံကြားလိုက်ရ၏။

သူမစီးခဲ့သည့် BSA ဆိုင်ကယ်သံမှန်းကောင်းကောင်းမှတ်မိလိုက်သည်။

ဆိုင်ကယ်က တဲအဝတွင်ရပ်လိုက်ပြီး တဲပေါ်မှ အရပ်မြင့်မြင့်လူတစ်ဦးဆင်းလာ၏။

ဟိုတနေ့ညက သူမတွေ့ဆုံခဲ့သည့် မောင်ရိန် ဆိုသည့်သူ။

မောင်ရိန်က သူ့ခါးကြားမှ ခြောက်လုံးပြူးကို မောင်းတင်လိုက်သည်။

“လက်မြှောက်ထား . . . လှုပ်ရှားမယ် . . . မကြံနဲ့.လှုပ်တာနဲ့ ငါပစ်သတ်မှာ . . . ဟေ့.လာကြ”

သူ့နောက်မှ ရိုင်ဖယ်ကိုယ်စီလွယ်ထားသည့် လူနှစ်ဦးဝင်လာသည်။

“မောင်ရိန် . . . ဘာဖြစ်တာလဲ . . . အစ်မဒီမှာ သူ့ကို စစ်မေးနေတယ်လေ . . . ဒါက ဘယ်လိုဖြစ်ရတာလဲ”

မသွန်းစီက အလန့်တကြားမတ်တတ်ရပ်ပြီး မေးလိုက်၏။

“အချိန်မရှိဘူး . . . အမ . . . စာရွက်စာတမ်းတွေ . . . ပစ္စည်းတွေသိမ်း . . . စခန်းရွှေ့ဖို့ပြင်တော့ . . . ခုပဲ ရွာကို စစ်ကြောင်းထိုးနေပြီ . . . မကြာခင် ကျွန်တော်တို့ စခန်းကို သူတို့ ‌ရောက်လာတော့မှာသေချာတယ်”

“ဟင်”

“ဒီအမျိုသမီးက စစ်တပ်သူလျှိုဆိုတာ သေချာနေပြီ . . . သူတို့မှာ နောက်ထပ် ဘာအကြံအစည်ရှိသေးလဲ မသိဘူး . . . သူ့ကို အသက်ရှင်လျက်ခေါ်ခဲ့ဖို့ ဗိုလ်မှူးကျော်တင့်အမိန့်ပါတယ် . . . အခုပဲ ကျွန်တော်တို့ ဆုတ်ရလိမ့်မယ်”

မသွန်းစီ နှင့် မောင်ရိန်တို့ စကားပြောနေကြချိန်တွင် ရဲဘော်နှစ်ဦးက ကြည်ကြည်ဆွေကို လက်ပြန်ကြိုးတုပ်လိုက်ပြီဖြစ်သည်။

“ကျွန်မ သူလျှိုမဟုတ်ဘူး . . . ရှင်တို့ကိုလည်း စိတ်မဝင်စားဘူး . . . ကျွန်မ တူမလေးကို ပြန်ရှာရအောင် ကျွန်မလာတာ”

မောင်ရိန်က ကြည်ကြည်ဆွေကို တစ်ချက်ကြည့်လိုက်သည်။

“ဘာစကားမှ မပြောနဲ့တော့ . . . ငြိမ်ငြိမ်နေပြီး ကျုပ်နောက်က လိုက်ခဲ့”

မောင်ရိန်က တဲပြင်ထွက်သွားပြီး ဆိုင်ကယ်ပေါ် တက်ခွလိုက်၏။

“သူ့ကို ဒီပေါ်တင်လိုက်”

ကြည်ကြည်ဆွေ အား ချုပ်လာသော ရဲဘော်နှစ်ဦးက ဆိုင်ကယ်ပေါ်သို့ မတင်လိုက်သည်။

စခန်းတစ်ခုလုံး ပစ္စည်းများသိမ်းသူသိမ်း၊ ပြေးလွှားသူပြေးလွှားဖြင့် ရှုပ်ယှက်နေ၏။

မောင်ရိန်က ဆိုင်ကယ်စက်ကိုနှိုးလိုက်သည်။

ဂီယာထိုးပြီး ကလပ်ကို ဆွဲထားချိန် အလောတကြီးဖြင့် ဘရိတ်ကို လွှတ်လိုက်သဖြင့် ဆိုင်ကယ်မှာ ဆောင့်ထွက်သွား၏။

“ဘုတ်”

ကြည်ကြည်ဆွေမှာ မြေကြီးပေါ် ပြုတ်ကျသွားသည်။

“ဟာ . . . မဟုတ်သေးပါဘူး”

မောင်ရိန် က ဆိုင်ကယ်ကို စက်သတ်ကာ ပြန်ဆင်းလာသည်။

“ခင်ဗျား သေချာကိုင်ထားလေဗျာ”

“ဟ . . . ရှင်တို့က လက်နှစ်ဖက်လုံးကြိုးတုပ်ထားတာ.ကျွန်မက ဘာကိုကိုင်ထားရမှာလဲ”

မောင်ရိန်က ခေါင်းကုပ်သည်။

“ကဲ . . . မထူးပါဘူးကွာ”

မောင်ရိန်က ခါးကြားမှ သေနတ်ကို ထုတ်လိုက်သည်။

ထို့နောက် ကြည်ကြည်၏ ရှေ့တည့်တည့်သို့ ရပ်ကာ နဖူးကို သေနတ်ပြောင်းဝဖြင့် တေ့လိုက်၏။

သွားပြီ။

ကြည်ကြည်ဆွေ စိတ်ကိုလျော့ကာ မျက်လုံးကို စုံမှိတ်ထားလိုက်တော့သည်။

■ ခက်ဇော်

အခန်း ၆ ကိုဆက်လက်ဖတ်ရှုရန် >>>