BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

July 13, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်အထိ

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးစွန့်ဖို့ တရုတ်ပြော

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်ပြီး ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့ဖို့ တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာသမ္မတဟောင်းဦးသိန်းစိန်နဲ့ ပေကျင်းမှာ တွေ့ဆုံချိန် အခုလို ဖျောင်းဖျပေးဖို့ ပြောဆိုလိုက်တာလို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ဇူလိုင်လ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။

သမ္မတဟောင်းဦးသိန်းစိန်ဟာ ဇွန်လကုန်ပိုင်းက တရုတ်ကို သွားရောက်ခဲ့ပြီး ဇူလိုင်လ ၆ရက်နေ့မှာတော့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။

တရုတ်အစိုးရဟာ အာဏာသိမ်းပြီးနောက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘေဂျင်းသို့ တရားဝင် ဖိတ်ကြားတာ မရှိသေးသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကိုလည်း သဘောမကျတဲ့အကြောင်း သုံးသပ်ဝေဖန်မှုတွေ ရှိနေတာပါ။ ဒါပေမဲ့ တရုတ်ကတော့ မြန်မာစစ်တပ်အပေါ် ကျောထောက်နောက်ခံပြုတာဟာ အပြောင်းအလဲ မရှိဘူးလို့ Channel News Asia သတင်းဌာနရဲ့ ဆောင်းပါးရှင်က ဆိုပါတယ်။

စစ်ကောင်စီကလည်း နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီ ငါးကြိမ်မြောက် သက်တမ်းတိုးမှုဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အာဏာစွန့်ဖွယ် မရှိဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

……………………………………..

ရှမ်းမြောက်တစ်ကျော့ပြန်တိုက်ပွဲမှာ နောင်ချိုမြို့ကို ပထမဆုံးသိမ်းယူ

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီးနောက်ပိုင်း ပထမဆုံးမြို့အဖြစ် နောင်ချိုမြို့ကို တအာင်းတပ်မတော်နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူထိန်းချုပ်လိုက်ပါတယ်။

စစ်ဆင်ရေး စတင်ပြီး ၁၆ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ နောင်ချိုမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ ဒုံးတပ်ရင်း ၆၀၆ ကို သိမ်းယူပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့တာပါ။ နောင်ချိုအခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေကနေ အတွဲလိုက် ဒုံးလက်နက်တွေ အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ ပူးပေါင်းတပ်တွေ ဘက်က ဆိုပါတယ်။

ရှမ်းမြောက်က လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါမြို့နယ်တွေနဲ့ မန္တလေးတိုင်းက မတ္တရာ၊ မိုးကုတ်၊ စဉ့်ကူး စတဲ့မြို့နယ် တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး​ တော်လှန်ရေးအဖွဲ့တွေဘက်က စခန်း ဆယ်နဲ့ချီ သိမ်းယူထားပါတယ်။ တိုက်ပွဲတွေကြောင့် လားရှိုး၊ မိုးကုတ်မြို့နယ်တွေမှာ စစ်ဘေးရှောင်တွေ ပိတ်မိနေသလို တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုကလည်း မြင့်သထက် မြင့်တက်လာပါတယ်။

‘ဝ’ ပြည်နယ်ထိစပ်တဲ့ တန့်ယန်းမြို့မှာတော့ ဝတပ်ဖွဲ့ဝင် ထောင်ချီ အလံလွှင်ပြီး စစ်ကားကြီး၊ စစ်ကားငယ်တွေနဲ့ ဝင်ရောက် နေရာယူထားပါတယ်။ ‘ဝ’ တပ်ဖွဲ့ဘက်ကတော့ တိုက်ပွဲမှာ ပါဝင်ဖို့မဟုတ်ဘဲ တန့်ယန်းဘက်ကို ပဋိပက္ခမကူးစက်အောင် ကြိုတင်ကာကွယ်ဖို့ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ နောက်တစ်ခါ မိုင်းရယ်မြို့နယ်ထဲမှာလည်း ရှမ်းတပ်မတော် SSPP/SSA က ဝင်ရောက်လာတာကြောင့် ရှမ်းမြောက်အရေးကို ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။

……………………………………..

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ ငွေသားထုတ်ယူခွင့်ကန့်သတ်

ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေ ငွေသားထုတ်ယူခွင့် ပမာဏကို ကန့်သတ်ထားတာကြောင့် ငွေထုတ်ယူမယ့်ပြည်သူတွေ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အခက်အခဲကြုံတွေ့နေရပါတယ်။

အခု ဇူလိုင်ဒုတိယအပတ်အတွင်းမှာပဲ ငွေသားထုတ်ယူမှုကို ကန့်သတ်လာတာဖြစ်ပါတယ်။ အရင်က စပါယ်ရှယ်အကောင့် ရှိသူတွေ ငွေသားကို လိုသလောက်ထုတ်ခွင့်ရခဲ့ပေမယ့် အခုအချိန်မှာတော့ အကန့်အသတ်နဲ့ပဲထုတ်ခွင့်ရပါတော့တယ်။

ရန်ကုန်က ဘဏ်တွေမှာဆိုရင် ငွေသားဆယ်ဂဏန်းပဲ ထုတ်လို့ရတော့တယ်လို့ ငွေထုတ်ယူသူတွေကို ကိုးကားပြီး ပြည်တွင်း သတင်းတချို့မှာ ဖော်ပြပါတယ်။

ချေးငွေကိစ္စနဲ့ ပတ်သက်လို့ ပုဂ္ဂလိကဘဏ်ခုနစ်ကို အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြီးနောက်မှာ ပြည်သူတွေ စိုးရိမ်ပြီး ငွေထုတ်ယူရာကနေ ငွေသားထုတ်ယူမှုကို ကန့်သတ်လာတာလို့ သတင်းတွေက ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ဘဏ်တွေ ငွေသားစီးဆင်းမှုနည်းတာကလည်း ဘဏ်တွေငွေထုတ်ပေးဖို့ ခက်လာတယ်လို့ ဖော်ပြပါတယ်။

ဘဏ်တွေဘက်ကတော့ ငွေအဝင်အပေါ်မူတည်ပြီး ငွေထုတ်ပေးနေပေမယ့် ငွေထုတ်သူများလွန်းတာကြောင့် ငွေသားရှားပါးလို့ အကန့်အသတ်နဲ့ ထုတ်ပေးနေတာလို့ တုံ့ပြန်မှုတွေလည်းရှိနေပါတယ်။

……………………………………..

ရိုးမဘဏ်ဥက္ကဋ္ဌ ဘီလီယံနာသူဌေး ဦးသိမ်းဝေ နေပြည်တော်မှာ စစ်ဆေးခံနေရ

ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ (ခေါ်) ဆာ့ချ်ပန်း နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတာ သီတင်းပတ်တွေနဲ့ချီပြီး ရှိနေပြီလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဦးသိမ်းဝေဟာ နေပြည်တော်မှာ စစ်ဆေးခံနေရပြီး အဲဒီလို စစ်ကြောခံနေရတာမှာ သူ့ကုမ္ပဏီက ဒါရိုက်တာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဘဏ်ကိစ္စ၊ အိမ်ရာချေးငွေကိစ္စ၊ မြေယာကိစ္စတွေနဲ့ စစ်ဆေးခံနေရတာ နှစ်လလောက်ရှိနေပြီလို့ ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ရိုးမဘဏ်အပါအဝင် ပုဂ္ဂလိက ဘဏ်ခုနစ်ဘဏ် အိမ်ရာချေးငွေ သတ်မှတ်ပမာဏထက် ကျော်လွန် ထုတ်ချေးလို့ အရေးယူ မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ အဲဒီနောက်ပိုင်း ဘဏ်လုပ်ငန်းရှင် ကို စစ်ကောင်စီက ခေါ်ယူ​တွေ့ဆုံခဲ့ရာမှာ ဦးသိမ်းဝေ တက်ရောက်တာမျိုး မတွေ့ရပါဘူး။

ရိုးမအုပ်စုက ထုတ်ပြန်ရာမှာတော့ ဦးသိမ်းဝေဟာ နေပြည်တော်မှာရှိနေပြီး ဗဟိုဘဏ်နဲ့ သက်ဆိုင်အာဏာပိုင်တွေ မေးမြန်း မှုကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရိုးမဘဏ် ဒါရိုက်တာတွေ ထိန်းသိမ်းမေးမြန်းခံရတာ မရှိဘူးလို့ ဘဏ်ဘက်က ငြင်းဆိုထားပါတယ်။

ဦးသိမ်းဝေဟာ တော်လှန်ရေးအဖွဲ့တွေ နေပြည်တော်မတိုက်ရင် ရပြီဆိုတဲ့ ပြောဆိုချက်ကြောင့် ဝေဖန်ခံရသူလည်း ဖြစ်ပါတယ်။

……………………………………..

ရန်ကုန်မှာ ကာလဝမ်းရောဂါကြောင့် လူငါးရာကျော် ဆေးရုံတက်ရ

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားတာ မြင့်တက်နေပြီး ခုနစ်ရက်အတွင်း လူငါးရာကျော် ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရပါတယ်။

ဇူလိုင်လ ၁၀ ရက်နဲ့ ၁၂ ရက်နေ့တွေမှာဆိုရင် ၂၄နာရီအတွင်း တစ်ရက်ကို လူတစ်ရာကျော်အထိ ဆေးရုံတက်ရောက်ခဲ့ရသလို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဂေါဖြစ်ပွားမှုနှုန်းဟာလည်း မြင့်တက်နေပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၉ရက်ကနေ ၁၂ ရက်အထိ ထုတ်ပြန်ချက်အရ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၅၃၀ နီးပါးရှိပြီး အဲဒီထဲက ၅၀ဦးဟာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူတွေဖြစ်တယ်လို့ ဖော်ပြပါ တယ်။

သာကေတ၊ ဒေါပုံမြို့နယ်တွေမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားပြီး တာမွေ၊ မင်္ဂလာတောင်ညွန့်အပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာပါ ဖြစ်ပွားနေတာပါ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာလည်း ဝမ်းပျက် ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ Dawei Watch က စုံစမ်းသိရှိရပါတယ်။ 

ချင်းပြည်နယ် မင်းတပ်၊ ပလက်ဝနဲ့ တွန်းဇံမြို့နယ်တွေမှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေပြီး ဇွန်လအတွင်း သေဆုံးသူ ၁၈ ဦးရှိတယ်လို့ ချင်းကျန်းမာရေးအဖွဲ့နဲ့ ဒေသခံတွေကို ကိုးကားပြီး RFA မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

……………………………………..

တိုင်းနဲ့ပြည်နယ်လေးခုက မြို့ ၂၀နီးပါး စိုးရိမ်ရေအမှတ်ကျော်နေ

တိုင်းနဲ့ ပြည်နယ် လေးခုက မြို့နယ် ၂၀နီးပါးမှာ မြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး ရေဘေးအန္တရာယ် ရင်ဆိုင်နေရပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ် ၁၀ခု၊ မန္တလေးတိုင်းက မြို့နယ်လေးခု၊ မကွေးတိုင်းက မြို့နယ်သုံးခု၊ ကချင်ပြည်နယ်က မြို့နယ် တစ်ခုတို့မှာ ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌဝတီ မြစ်ရေတွေဟာ စိုးရိမ်ရေအမှတ်ရဲ့ အထက်ကို ကျော်လွန်ရောက်ရှိနေတာလို့ မိုးဇလက ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲက ဖောင်းပြင်နဲ့ မော်လိုက်မှာဆိုရင် စိုးရိမ်ရေအမှတ်ထက် ရှစ်ပေကျော်လွန်နေတာဖြစ်ပါတယ်။ ကလေးဝ၊ မင်းကင်းနဲ့ ဟုမ္မလင်းမြို့နယ်တွေမှာလည်း စိုးရိမ်ရေအမှတ်ထက် ငါးပေကနေ ခြောက်ပေခွဲအထိ ကျော်လွန်နေတာ ဖြစ်ပါတယ်။

ရေဘေးကြောင့် လူသောင်းချီ ဒုက္ခကြုံတွေ့နေရသလို လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လို့ စားနပ်ရိက္ခာပြတ်လပ်တာ၊ စိုက်ခင်းတွေပျက်စီးတာတွေလည်း ကြုံတွေ့နေရပါတယ်။

……………………………………..

သံတွဲက နောက်ဆုံးတပ်ရင်းကို AA သိမ်းယူ

နာမည်ကျော် ငပလီကမ်းခြေရှိတဲ့ သံတွဲမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၅၅ ကို သိမ်းယူလိုက်ပြီလို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

ငပလီတွင်အခြေစိုက်သည့် စစ်ကောင်စီ ခလရ ၅၆၆ တပ်ရင်းနဲ့ ငပလီလေဆိပ်ကို သိမ်းယူပြီးနောက် ဇူလိုင်လ ၉ရက်နေ့မှာ ခလရ ၅၅ ကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရင်းတွေကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ မြို့ထဲ ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကူလာတဲ့ တပ်ဖွဲ့ဝင်တွေ သံတွဲမြို့နဲ့ မြို့အနီးပတ်ဝန်းကျင်မှာ ခံစစ်ပြင်ဆင်နေတာကြောင့် မြို့တစ်ခုလုံးကို သိမ်းနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်ရဦးမယ်လို့ AA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အမ်းမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး ထိုးစစ်ဆင်နေသလို မောင်တောမြို့နယ်မှာ နောက်ဆုံးကျန်တဲ့ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲကိုလည်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

……………………………………..