BREAKING
January 17, 2025

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ

July 13, 2024

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ယနေ့ (ဇူလိုင် ၁၃)နေ့လယ်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။

Mi2 ရဟတ်ယာဉ်တစ်စီး၊ K8W တိုက်လေယာဉ်ဖြင့် ဗုံးသီး ၁၂ လုံးခန့် ကြဲချခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပဝကျေးရွာအုပ်စုကို လှည့်ပတ်ပစ်ခတ်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းက တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လေယာဉ်ဖြင့် ဗုံးလာကြဲပြီးနောက် မော်တုံးအခြေစိုက် အမြောက်တပ် ၃၀၆ တပ်ရင်းကလည်း ပဝကျေးရွာအုပ်စုဘက်ကို ၁၂၀ မမလက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သေးသည်ဟု ၎င်းက ပြောသည်။

“၅ မိုင်ရွာတိုက်ပွဲနဲ့တော့ ဆက်စပ်မှုမရှိပါဘူး၊ ကျန်တော်ထင်တာ ဇူလိုင် ၇ ရက်နေ့က သင်တန်းဆင်းပွဲလုပ်တယ်တော့ ပဝဖက်မှာလို့ထင်ပြီး လာလုပ်တာဖြစ်နိုင်ခြေရှိပါတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုတွင် ရွာသားတစ်ဦး လက်မောင်းတွင်ကျည်စထိမှန်ဒဏ်ရာရခဲ့သည်ဟု ၎င်းက ပြောသည်။

ပဝကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ၊ စစ်ရေးလှုပ်ရှားမှုလည်း မရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ သက်သက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တာဖြစ်သည်ဟု ယင်းကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ချောင်းထဲကို ဗုံးသီးကျတာလည်းရှိတယ်၊ မြေပြင်မှာ အရမ်းရှုပ်ထွေးနေဆဲဖြစ်နေလို့ ထိခိုက်သေဆုံးဒဏ်ရာရသူရှိမရှိ ကျွန်တော်တို့အတိအကျမသိရသေးဘူး၊ ဖုန်းလိုင်းတွေလည်း ကျနေတယ်” ဟု အထက်ပါဒေသခံအမျိုးသားက ဆိုသည်။

ဇူလိုင်လ ၁၀ ရက်က ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ၅ နာရီကြာဖြစ်ပွားခဲ့ပြီး ခလရ(၂၈၅)တပ်ရင်းက ဗိုလ်မှူးသက်ထွန်းအောင်အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့သည်။

အထက်ပါတိုက်ပွဲတွင် တပ်ကြပ်နှစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး ဇူလိုင်လ ၁၂ ရက်တွင် အလောင်းလာကောက်သည့် စစ်ကောင်စီတပ်သား ၃ ဦးလမ်းမှားနေပြီး ၎င်းတို့ကို လိုက်လံဖမ်းဆီးရာ စစ်ကောင်စီတပ်သား ၁ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။